October 20, 2024

အမေရိကန် အောက်လွှတ်တော်က သမ္မတ ဂျိုးဘိုင်ဒန် အပေါ် စွပ်စွဲပြစ်တင်ဖြုတ်ချရန် စုံစမ်းမှု ပြုလုပ်ရေးအတွက် မဲခွဲဆုံးဖြတ်မှု အနိုင်ရ

၁၅. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုရဲ့ ရီပတ်ဘလစ်ကန် အမတ်တို့ဦးဆောင်တဲ့ အောက်လွှတ်တော်က သမ္မတ ဂျိုးဘိုင်ဒန် အပေါ် စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ စုံစမ်းမှု(Impeachment Inquiry)ပြုလုပ်ရေးအတွက် ဒီဇင်ဘာ ၁၃ ရက်က မဲခွဲဆုံးဖြတ်ရာမှာ ၂၂၁ မဲ- ၂၁၂ မဲ နဲ့ အနိုင်ရပြီး ဂျိုးဘိုင်ဒန်ကို စုံစမ်းစစ်ဆေးဖို့ အတည်ပြုဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီ ဆုံးဖြတ်ချက်က ဂျိုးဘိုင်ဒန်အနေနဲ့ လာဘ်ပေးလာဘ်ယူမှုပြုတာ၊ ကိုယ်ကျင့်တရားပျက်ပြားတာနဲ့ သမ္မတဆိုတဲ့ အရှိန်အဝါကို အသုံး‌ပြုလို့ ငွေကြေးရရှိဖို့ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေဆိုတာ တွေ့ရပါတယ်။

စွပ်စွဲပြစ်တင်ဖြုတ်ချဖို့စုံစမ်းမှုကတော့ အမေရိကန်မှာ ပြည်ထောင်စုအဆင့် သမ္မတတစ်ဦးကို စွပ်စွဲ ပြစ်တင်ဖြုတ်ချမယ်ဆို တရားရုံးမှာစွပ်စွဲတင်ပြမှုမတိုင်မီ စုံစမ်းမေးမြန်းတာ(ဒါမှမဟုတ်) စစ်ဆေးတာကို ဆိုလိုတာပါပဲ။ အမေရိကန်မှာ စွပ်စွဲ‌ပြစ်တင်မှုပြုဖို့ တောင်းဆိုခံရတဲ့ သမ္မတအများအပြားရှိခဲ့ပေမယ့် အမှန်တကယ် စွပ်စွဲပြစ်တင်ဖြုတ်ချနိုင်ဖို့ တရားရုံးအထိစွပ်စွဲတင်ပြခံရတဲ့ သမ္မတကတော့ သုံးဦးပဲရှိခဲ့ပါတယ်။ သူတို့ကတော့ ၁၈၆၈ ခုနှစ်အတွင်းက သမ္မတ အန်ဒရူးဂျွန်ဆန်၊ ၁၉၉၉ ခုနှစ်က သမ္မတ ဘီလ်ကလင်တန်နဲ့ ၂၀၁၉ ခုနှစ်က သမ္မတ ဒေါ်နယ်လ်ထရန့် တို့ပါပဲ။ ဒီလို စွပ်စွဲတင်ပြမှု မှန်ကန်တယ်ဆိုရင်ဖြင့် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအနေနဲ့ တာဝန်က ဖယ်ရှားခံရမှာပါ။

ဒီဇင်ဘာ ၁၃ ရက်မှာ အောက်လွှတ်တော်အမတ်တွေက ဂျိုးဘိုင်ဒန်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ စုံစမ်းမှုအတွက်တရားဝင်မဲပေးဆုံးဖြတ်ခဲ့ကြတာပါ။ အောက်လွှတ်တော်ရဲ့ကော်မတီသုံးခုက ရီပတ်ဘလီကန် အမတ်တွေအနေနဲ့ သမ္မတနဲ့ သူ့မိသားစုရဲ့ စီးပွားရေးလုပ်ငန်း အရောင်းအဝယ်တွေကို စုံစမ်းစစ်ဆေးလာခဲ့တာလည်း လနဲ့တောင်ချီလာပါပြီ။ အဓိကအားဖြင့်တော့ သားဖြစ်သူ ဟန်တာဘိုင်ဒန်ရဲ့ လုပ်ငန်းတွေပါပဲ။

အောက်လွှတ်တော်မှာ ဒီဇင်ဘာ ၁၃ ရက်က စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ စစ်ဆေးမှုအတွက် မဲခွဲရာမှာ အောက်လွှတ် တော်မှာရှိတဲ့ ရီပတ်ဘလီလန် အမတ်တွေအားလုံးက ထောက်ခံခဲ့ကြသလို ဒီမိုကရက် အမတ်အားလုံးက လည်း ဆန့်ကျင်ခဲ့ကြတာပါ။ အောက်တိုဘာလကစပြီး ပြုလုပ်လာခဲ့တဲ့ မဲပေးဆန်းစစ် မှုတွေမှာလည်း အမေရိကန်ပြည်သူတွေရဲ့ ၄၃ ရာခိုင်နှုန်းက ဂျိုးဘိုင်ဒန်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့စုံစမ်းမှုကို ထောက်ခံခဲ့ကြပြီး ၄၁ ရာခိုင်နှုန်းကပဲ ဆန့်ကျင်ခဲ့ကြတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ အမေရိကန်မှာ သမ္မတရွေးကောက်ပွဲကျင်းပတော့မှာပါ။ ရွေးကောက်ပွဲဝင်ဖို့ ကြေညာထားတဲ့ သမ္မတ ဂျိုးဘိုင်ဒန်အဖို့လည်း သမ္မတဟောင်း ဒေါ်နယ်လ်ထရန့်လို သမ္မတတစ်ဦးကို စွပ်စွဲ ပြစ်တင်ဖြုတ်ချဖို့ တရားရုံးအထိ စွပ်စွဲတင်ပြခြင်းပြုလုပ်မခံရရင်တောင်မှ ဒီလိုလူထုထောက်ခံမှု လိုနေတဲ့ကာလမှာ ခုလိုဖြစ်ရတာ မကောင်းလှပါဘူး။ အချို့ကလည်း ဒေါ်နယ်လ်ထရန့်ကို နှစ်ကြိမ်တိုင် ဆောင်ရွက်ခဲ့မှုတွေက ဝဋ် ပြန်လည်တာပဲ ဆိုကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ယူကရိန်းအရေး၊ ဂါဇာအရေးတို့ကြောင့် သူ့အပေါ် လူကြိုက်နည်းနေရတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အဖို့တော့ ထပ်မံပြီးထိုးနှက်ချက်တစ်ခု ခံရပြန်တာပဲလို့သာ သုံးသပ်ရမှာပါ။

Ref——-CBS News

Leave a Reply

Your email address will not be published. Required fields are marked *