October 20, 2024

၁၅. ၁၂. ၂၀၂၃
Written by Ye Kyaw

၂၀၂၄-၂၀၂၅ စိုက်ပျိုးရေးရာသီချိန်တွင် ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးလုပ်သားများ စေလွှတ်နိုင်ရေး နှစ်နိုင်ငံဆွေးနွေးလျက်ရှိပြီး မကြာမီ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

ကိုရီးယားနိုင်ငံ၏ ဆောင်းရာသီသည် ရာသီဥတုပြင်းထန်သည့်အတွက် အလုပ်သမားစေလွှတ်ရာတွင် အနည်းဆုံး ၂ နှစ်လုပ်ကိုင်နိုင်ရန် အာမခံရမည်ဖြစ်ပြီး တစ်နှစ်လျှင် ၈ လအလုပ်ကိုင်ပြီး မိခင်နိုင်ငံသို့ ၄ လ ပြန်လည်အနားယူရမည့်ပုံစံမျိုးဖြင့် ဆွေးနွေးထားခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကတော့ ကိုရီးယားဆောင်းရာသီကလည်း ပြင်းထန်တဲ့အတွက် ကျွန်တော်တို့ဆီကို ဆွေးနွေးချက်များအရ ပြောလိုတာက ၈ လလုပ်ကြမယ်။ ၄ လကတော့ မိခင်နိုင်ငံတွေကို ပြန်နားပေါ့ ဒီလိုပုံစံအခြေအနေမျိုးနဲ့ လာရောက်ဆွေးနွေးတာတွေ တင်ပြတာတွေရှိပါတယ်။ ဆွေးနွေးချက် အကြမ်းဖျင်းပြောရရင်တော့ အနည်းဆုံး နှစ်ကြိမ်တော့ အာမခံရမှာပေါ့။ နှစ်နှစ်ပေါ့။ ၈ လသွားလုပ်မယ်။ ၄ လနားမယ်။ နောက်တစ်ကြိမ် ၈ လပြန်ထွက်မယ်။ ပြန်လာမယ်။ Two Time ပေါ့” အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောကြားသည်။

လက်ရှိအချိန်တွင် နှစ်နိုင်ငံအကြား ကနဦးဆွေးနွေးမှုများ ‌ဆောင်ရွက်ထားပြီး ကိုရီးယားနိုင်ငံ၏ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် မြန်မာနိုင်ငံဘက်ရှိ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများ MoU လက်မှတ် ‌ရေးထိုးနိုင်ရေး ဆက်လက်ဆောင်ရွက်နေပြီး မကြာမီ လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ စိုက်ပျိုးရေးရာသီချိန်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ရန် အသက် ၁၈ နှစ်မှ ၅၅ နှစ်အကြားရှိပြီး စိုက်ပျိူးရေးဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသူများ၊ သက်ဆိုင်ရာလုပ်ငန်းခွင် ကိုရီးယားဘာသာစကား သင်တန်းတက်ရောက်ထားသူများကို ခေါ်ယူသွားမည်ဖြစ်သည်။

ကိုရီးယားနိုင်ငံ ပြည်နယ်များတွင် စိုက်ပျိုးရေးလုပ်သား လိုအပ်ချက်အပေါ်မူတည်၍ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့မှ စိုက်ပျိုးရေးလုပ်သားများကို ခေါ်ယူသွားမည်ဖြစ်ပြီး ခွဲတမ်းရရှိမှုအပေါ် မူတည်၍ စမ်းသပ်ကာလအဖြစ် လာမည့်နှစ်ဆန်းပိုင်းတွင် စေလွှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဈေးကွက်အရ ဘယ်လောက်ခွဲတမ်းရမလဲ၊ ဘယ်နှစ်ယောက်ပို့ဖြစ်မလဲဆိုတာတော့ လတ်တလော ကျွန်တော်တို့ဆီမှာ ဒေတာတွေမရှိသေးပါဘူး။ အများဆုံး ရာဂဏန်းကနေ ထောင်ဂဏန်းပေါ့။ ဒီလောက်ပဲဖြစ်ပါမယ်။ အဲဒီလောက်အတော အတွင်းလေး စမ်းသပ်ကာလဖြစ်တဲ့အတွက် လာမယ့်နှစ်ဦးက စပြီး သွားနိုင်မယ်လို့ ခန့်မှန်းပါတယ်” ဟု ဦးညွန့်ဝင်းက ပြောသည်။

အလုပ်သမားဝန်းကြီးဌာနအနေဖြင့် မိမိနိုင်ငံမှ အခြားနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားများ ရသင့်ရထိုက်သည့် အလုပ်သမားအခွင့်အရေးပိုင်းဆိုင်ရာများ ရရှိရေးဆောင်ရွက်ပေးနေကြောင်း သိရသည်။

ပုံစာ – ကိုရီးယားသို့ သွားရောက်အလုပ်လုပ်မည့် မြန်မာလုပ်သားများကို တွေရစဉ်။ (ဓာတ်ပုံ-ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး)

Leave a Reply

Your email address will not be published. Required fields are marked *