October 19, 2024

◼️ ဖမ်းဆီးခံထားရသူများအနက် ၁၁၈ ဦးသာ အသက်ရှင်နေသေးကြောင်း ယုံကြည်ရ

၁၄. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

အောက်တိုဘာ ၇ ရက်တွင် ဟားမားစ်တို့က အစ္စရေးနိုင်ငံတောင်ပိုင်းကိုဝင်ရောက်တိုက်ခိုက်၍ ဖမ်းဆီးသွားခဲ့သော ဓားစာခံပြည်သူများအနက် ၁၁၀ ဦးကို ဟားမားစ်တို့က ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်းတို့အနက် ၁၀၅ ဦးကို ခုနှစ်ရက်ကြာအပစ်အခတ်ရပ်စဲရေးကာလအတွင်း အစ္စရေးထောင်များတွင် ဖမ်းဆီးထားသော ပါလက်စတိုင်းအကျဉ်းသားများနှင့် လဲလှယ်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးအာဏာပိုင်များက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့ကြသည်။

ဆက်လက်၍ အစ္စရေးအာဏာပိုင်များက စုစုပေါင်း ဓားစာခံ ၁၃၅ ဦးကို ဟားမားစ်တို့က ဂါဇာကမ်းမြောင် ဒေသအတွင်း ဖမ်းဆီးထားသေးသည့်အနက် အချို့မှာသေဆုံးခဲ့ပြီဟု ယုံကြည်ရကြောင်းပြောခဲ့ကြသည်။

ပြန်လည်လွှတ်ပေးခဲ့သူများတွင် ၃၃ ဦးမှာ ကလေးများ၊ ၄၉ ဦးမှာ အမျိုးသမီးများနှင့် ၂၈ ဦးမှာ အမျိုးသားများဖြစ်ကြသည်။ အစ္စရေးတို့၏ ဂါဇာဒေသအား နှစ်ပတ်ကြာထိုးစစ်ဆင်ခဲ့သည့်အချိန်အတွင်း၌လည်း သေဆုံးလျက်ရှိသော အစ္စရေးနိုင်ငံသားငါးဦး၏အလောင်းများကို အစ္စရေးနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခဲ့ရပြီး ဓားစာခံများကိုလည်း အစ္စရေးတပ်ဖွဲ့များက လိုက်လံရှာဖွေနေသည်ဟု ဆိုသည်။

အစ္စရေးအာဏာပိုင်များက ဖမ်းဆီးခံထားရသေးသော ဓားစာခံများအနက် ၁၁၈ ဦးမှာအသက်ရှင်လျက်ရှိနေသေးသည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ကြသည်။ ဟားမားစ်တို့က ဂါဇာ၌ဖမ်းဆီးခံထားရစဉ်သေဆုံးခဲ့သော ဓားစာခံရှစ်ဦးနှင့်အောက်တိုဘာ ၇ ရက်က သေဆုံးခဲ့သူကိုးဦး၏အလောင်းများကို ဂါဇာတွင်သိမ်းဆည်းထားကြောင်းလည်း ၎င်းတို့က ပြောခဲ့ကြသည်။

အဆိုပါ ဖမ်းဆီးခံထားရသည့် အသက်ရှင်နေသေးသော ဓားစာခံ ၁၁၈ ဦးအနက် ၁၀၇ ဦးမှာ အစ္စရေးနိုင်ငံသား (သို့မဟုတ်) နိုင်ငံနှစ်နိုင်ငံ၏နိုင်ငံသားများအဖြစ်ခံယူထားသူများဖြစ်၍ ကျန်သူများမှာ ထိုင်းနိုင်ငံသားရှစ်ဦး၊ နီပေါနိုင်ငံသားတစ်ဦး တန်ဇန်နီးယားနိုင်ငံသားတစ်ဦးနှင့်ပြင်သစ်နိုင်ငံသား-မက္ကဆီကို လူမျိုးတစ်ဦးဖြစ်ကြ ကြောင်းလည်း သိရသည်။

ဟားမားစ်တို့က ၎င်းတို့ဖမ်းဆီးထားသူများအနက် အသက်အငယ်ဆုံးဖြစ်သည့် ဆယ်လသားသာရှိသေးသော အစ္စရေးကလေးငယ် ကေဖား ဘီဘားစ်မှာ မိခင်ဖြစ်သူ အသက် ၃၂ နှစ်ရှိ ရှီရီဘီဘားစ်၊ အစ်ကိုဖြစ်သူအသက်လေးနှစ်ရှိ အေရီယယ်တို့နှင့်အတူ အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုတစ်ရပ်အတွင်း သေဆုံးခဲ့ကြောင်းလည်း ပြောခဲ့ကြသည်။

Ref——-AFP

Leave a Reply

Your email address will not be published. Required fields are marked *