October 19, 2024

ပြည်ပတင်ပို့ခြင်းမရှိဘဲ ပြည်တွင်းစားသုံးသည့် ရွှေဘိုပေါ်ဆန်းဆန်ဈေး နှစ်နှစ်အတွင်း ရာခိုင်နှုန်း ၂၀၀ အထိ မြင့်တက်

၁၄. ၁၂. ၂၀၂၃
Written by Ye Kyaw & Naing Thuta

ပြည်တွင်း၌ စားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်းဆန်သစ် တစ်အိတ်လျှင် ကျပ် ၁၅၅,၀၀၀ အထိ ဖြစ်ပေါ်နေသည့် အတွက် သတ်မှတ်ရည်ညွှန်းဈေး (Reasonable Market Price) ထက် ရာခိုင်နှုန်း ၆၀ ကျော် ပို၍မြင့်တက်နေကြောင်း ပြည်တွင်းဆန်အရောင်းဆိုင်များမှ သိရသည်။

ယခု ၂၀၂၃ မိုးစပါးပေါ်ချိန်တွင် ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ကျပ် ၁၈ သိန်းမှ သိန်း ၂၀ ကြား ရောင်းချရန်သတ်မှတ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွက် ဖြစ်သင့်ဖြစ်ထိုက်သော ဆန်ဈေးနှုန်းများ ထုတ်ပြန်ခဲ့ရာ ‌ရွှေဘိုပေါ်ဆန်းဆန်သစ် ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၉၅,၀၀၀ အထိသာ အများဆုံးရောင်းချရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

သတ်မှတ်ရည်ညွှန်းဈေးထက် လက်လီလက်ကားဈေးကွက်တွင် ရောင်းချမှုများအတွက် ဈေးနှုန်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းနှင့် Super Market များ၊ Mini Market များတွင် Consumer Packaging ဖြင့် Modern Trade ရောင်းချမှုများအတွက် ဈေးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသာ ကွာဟရောင်းချရမည်ဖြစ်သည်။

သို့သော်လည်း ရန်ကုန်မြို့ရှိ ဆန်အရောင်းဆိုင်များတွင် ရွှေဘိုပေါ်ဆန်းဆန်ဈေးနှုန်းသည် ဆန်ဟောင်းတစ်အိတ် ကျပ် ၁၈၀,၀၀၀ ကျော်နှင့် ဆန်သစ်တစ်အိတ် ကျပ် ၁၅၅,၀၀၀ ဝန်းကျင်အထိ မြင့်တက်နေခြင်းကြောင့် ယခုမိုးစပါးမှထွက်ရှိသည့် ရွှေဘိုပေါ်ဆန်းအသစ်သည်ပင် ဖြစ်သင့်ဖြစ်ထိုက်သည့် ရည်ညွှန်းဈေးထက် ရာခိုင်နှုန်း ၆၀ ကျော်မြင့်တက်နေခြင်းဖြစ်သည်။

“ရွှေဘိုအကောင်းဆုံးက တစ်သိန်း ၁၈၀,၀၀၀ အိတ်တစ်ဝက်ကို ၉၀,၅၀၀ ပို့ခနဲ့ဆို ၉၁,၀၀၀ ဒါကတော့ အဟောင်းရှင့်။ ရွှေဘိုက အသစ်တော့ပေါ်ပြီ။ ဒါပေမဲ့ ချက်ရင် ထမင်းက လုံးဝမကောင်းလို့ မတင်သေးဘူး။ ကြားပျံက ၁၄၅,၀၀၀၊ တောင်ပျံထူးထူးရှည် အကောင်းဆုံးကတော့ ၁၆၀,၀၀၀ ဒီဆန်က ဒံပေါက်ချက်တဲ့ဆန်ပေါ့” ဟု သင်္ဃန်းကျွန်းစံပြဈေးတွင် ဆန်လက်ကားရောင်းချနေသည့်ဆိုင်မှ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်မြို့ရှိ ဆန်အ‌ရောင်းဆိုင်များတွင် ရွှေဘိုပေါ်ဆန်းဆန်အသစ် တစ်အိတ်လျှင် ကျပ် ၁၅၅,၀၀၀ ဖြင့် ရောင်းချနေသော်လည်း ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့တွင်မူ ‌ရွှေဘိုပေါ်ဆန်းဆန်အသစ် ဈေးနှုန်း အတိအကျမရှိသေးဘဲ စပါးထွက်ရှိမှုနှင့် စက်ကြိတ်ခများဆောင်ရွက်ပြီး ထွက်ရှိလာမှသာ ဈေးနှုန်းသတ်မှတ်ကြောင်း သိရသည်။

‌ရွှေဘိုပေါ်ဆန်းထွက်ရှိသည့် ရွှေဘိုနှင့် မန္တလေးမြို့တို့ရှိ ဆန်အရောင်းဆိုင်များတွင် ရွှေဘိုပေါ်ဆန်းဆန်အဟောင်း တစ်အိတ်လျှင် ကျပ် ၁၇၀,၀၀၀ ဝန်းကျင်ဖြင့် ရောင်းချနေခြင်းကြောင့် ရန်ကုန်ဈေးနှုန်းဖြင့် ကျပ် ၁၀,၀၀၀ ဝန်းကျင်သာကွာဟမှုရှိကြောင်း သိရသည်။

“ရွှေဘိုအသစ်က ဒီမှာဈေးအတိအကျမရှိသေးဘူး။ စပါးထွက်တာနဲ့ စရိတ်တွေကလည်း တိတိကျကျမရှိသေးဘူးလေ။ အဟောင်းကတော့ တစ်အိတ် ၁၇၀,၀၀၀ ဝန်းကျင်ရှိတယ်။ ဒီမိုးစပါးပေါ်တဲ့ ရွှေဘိုပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ဈေးနှုန်းက သိန်း ၃၀ အောက်တော့မရှိဘူး သိန်း ၃၀ နဲ့ ၃၁ သိန်းလောက်မှာ ရှိတယ်” ဟု ရွှေဘိုမြို့ရှိ ဆန်၊ဆီနှင့် ကုန်မျိုးစုံရောင်းချနေသူ တစ်ဦးက ပြောသည်။

ဆန်တစ်အိတ် ကျပ် ၇၀,၀၀၀ ဝန်းကျင်သာ ရှိခဲ့သည့် ရွှေဘိုပေါ်ဆန်းဆန်သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှစတင်ပြီး ကျပ် ၉၀,၀၀၀ ကျော်သို့ မြင့်တက်ခဲ့ပြီး ၂၀၂၃ နှစ်ဆန်းပိုင်းတွင် ကျပ် ၁၀၀,၀၀၀ ကျော်သို့ စတင်မြင့်တက်ခဲ့ရာမှ ၂၀၂၃ ခုနှစ် ယခုဒီဇင်ဘာလတွင် ကျပ် ၁၈၀,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ရွှေဘိုပေါ်ဆန်းဆန်သည် တစ်နှစ်အတွင်း ရာခိုင်နှုန်း ၈၀ ခန့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၂၀၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *