October 19, 2024

MT News
၁၄. ၁၂. ၂၀၂၃

စင်ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန် ပေးဆောင်ပြီးမှသာ စင်ကာပူရှိမြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းနှင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားပြီးနောက် ဒီဇင်ဘာ ၁၂ ရက်ရှေ့ပိုင်းတွင် Passport သက်တမ်းတိုးထားသူများ ဝင်ငွေခွန်ဆောင်ရေး ထပ်မံအသိပေးထားမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

ပြည်ပနေ မြန်မာနိုင်ငံသားများ၏ ပြည်ပတွင်ရရှိသည့် လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှစ၍ ဝင်ငွေခွန်များ ပေးဆောင်ရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေ ညာခဲ့ပြီးဖြစ်၍ စင်ကာပူနိုင်ငံ၌ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် ဒီဇင်ဘာ ၁၂ ရက်နေ့မှ စတင်၍ ဝင်ငွေခွန်များ ပေးဆောင်ရမည်ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ လာရောက်ဆောင်ရွက်သည့် ကာလအထိ ဝင်ငွေခွန်ပေးဆောင်ပြီးမှသာ မြန်မာသံရုံး၊ စင်ကာပူမြို့တွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းနှင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခွန်များ ကောက်ခံမည့် လစဉ် နှုန်းထားများအား နေထိုင်ခွင့် အမျိုးအစားများအပေါ် မူတည်၍ သတ်မှတ်နှုန်းထားအပေါ် ၂ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတ်မှတ်နှုန်းထားများအနေဖြင့် Employment Pas (EP) ရရှိထားသူများသည် အနည်းဆုံးလစာ စင်ကာပူဒေါ်လာ ၃၀၀၀ အပေါ် ၂ ရာခိုင်နှုန်း၊ Permanent Resident (PR) ရရှိထားသူများသည် အနည်းဆုံးလစာ စင်ကာပူဒေါ်လာ ၁၈၀၀ အပေါ် ၂ ရာခိုင်နှုန်း၊ Skill Pass (S-Pass) ရရှိထားသူများသည် အနည်းဆုံးလစာ စင်ကာပူဒေါ်လာ ၁၄၀၀ အပေါ် ၂ ရာခိုင်နှုန်းနှင့် Work Permit ရရှိထားသူများသည် စင်ကာပူဒေါ်လာ 400 အပေါ် ၂ ရာခိုင်နှုန်း ဝင်ငွေခွန်ပေးဆောင်ရမည် ဖြစ်သည်။

သို့သော် Student Pass ကိုင်ဆောင်ထားသူများသည် လက်ရှိကျောင်းတက်ရောက်နေသည့် ကျောင်းထောက်ခံစာများ တင်ပြလျှက် ဝင်ငွေခွန် ပေးဆောင်ခြင်း ကင်းလွှတ်ခွင့်ရရှိမည်ဖြစ်သလို အခွန်ထမ်းဆောင်သူများ၏ ဇနီး/ခင်ပွန်း (သို့) မိဘ (သို့) သား/သမီးများအား အိမ်ထောင်စု စာရင်း၊ မွေးစာရင်း လက်ထပ်စာချုပ်များ တင်ပြနိုင်ပါက မှီခိုသူ အဖြစ် သက်တမ်းတိုး ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်မည့်သူများအနေဖြင့် စင်ကာပူမြို့၊ မြန်မာသံရုံး၌ လစာဝင်ငွေအပေါ် ဝင်ငွေခွန်များ ထမ်းဆောင်ပြီးကြောင်း / မှီခို / ကျောင်းသား ထောက်ခံစာ လာရောက် ယူဆောင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း အသိပေးစာတွင် ဖော်ပြထားပြီး ထိုသတ်မှတ်ရက်ဖြစ်သော ဒီဇင်ဘာ ၁၂ ရက်ရှေ့ပိုင်းတွင် Passport သက်တမ်းတိုးထားပြီးသူများအတွက် သီးခြားအစီအစဥ်ထပ်မံထုတ်ပြန်ပေးမည်ဟု ကြေညာထားသည်။

ဒီဇင်ဘာ ၁၂ ရက်မှစ၍ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် လူရာချီတန်းစီ၍ အခွန်ဆောင်နေကြပြီး ကြိုတင် Appointment ယူထားသူများ၊ မကြာမီပြန်မည့်သူများကို ဦးစားပေးအခွန်ဆောင်ခိုင်းနေကာ ထိုသို့အခွန်ဆောင်လိုသူများအနေဖြင့် လေယာဥ်လက်မှတ်၊ Passport၊ IC ကတ်များ မိတ္တူယူဆောင်လာကာ အခွန်ဖောင်ဖြည့်၍ ခြောက်လစာ အခွန်ဆောင်စေသည်ဟု သိရသည်။

ပုံစာ။ ။ စင်ကာပူတွင် အခွန်ဆောင်ရန်တန်းစီနေသူမြန်မာလုပ်သားများမြင်ကွင်း (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *