October 19, 2024

၁၄.၁၂.၂၀၂၃
Translated by Htwe Ko Tun

ဂျပန်နိုင်ငံဝန်ကြီးချုပ်ဖူမီအိုကီရှီဒါရဲ့အစိုးရအဖွဲ့မှာပါဝင်တဲ့ ဝန်ကြီးသုံးဦးက အာဏာရပါတီအတွင်း အဓိကကျတဲ့ အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့မှုကြောင့် ဒီဇင်ဘာလ ၁၄ ရက်မှာ တာဝန်မှနုတ်ထွက်လွှာတွေကို တင်သွင်းခဲ့ကြရာ အဂတိလိုက်စားမှုကင်းရှင်းတယ်လို့ ဆိုကြတဲ့ ဂျပန်နိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရားအတွက်လည်း တုန်လှုပ်ဖွယ်သတင်းဆိုးဖြစ်ခဲ့ရတယ်လို့ ဆိုကြပါတယ်။

ဒီအရှုပ်တော်ပုံက အုပ်စုဖွဲ့စိတ်ဝမ်းကွဲမှုတွေဖြစ်နေတဲ့ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအတွင်း ယန်း သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်း) ကို ဖြတ်စားလျှပ်စားပြုလုပ်ခဲ့မှုနဲ့ပတ်သက်လို့ စွပ်စွဲချက်တွေထွက်ပေါ်လာပြီးတဲ့နောက်မှာ ပေါ်ပေါက်လာခဲ့ရခြင်းပါ။ မီဒီယာသတင်းတွေအရ ယခုအပတ်အတွင်းမှာ ရှေ့နေတွေက ရုံးအတော်များများကို ဝင်ရောက်ရှာဖွေမှုတွေနဲ့ လွှတ်တော်အမတ်အများအပြားကိုလည်း တွေ့ဆုံမေးမြန်းမှုတွေပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

တာဝန်မှနုတ်ထွက်လွှာတင်သွင်းခဲ့ကြတဲ့ ဂျပန်အစိုးရအဖွဲ့ဝန်ကြီးတွေက စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုရေးရာဝန်ကြီးဌာန ဝန်ကြီးရာဆုတိုရှီ နီရှီမူရာ၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး ဂျန်ဂျီ ဆူဇူကီးနဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ဝန်ကြီး အီချီရို မီယာရှီတာတို့ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါ့ပြင် အစိုးရအဖွဲ့အတွင်းရေးမှူးချုပ်ဖြစ်ပြီး အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ ဟီရိုကာ ဇူ မတ်ဆူနို ကလည်း ဒီအရှုပ်တော်ပုံကြောင့် အခြားသော ဒုတိယဝန်ကြီးငါးဦးနဲ့အတူ ရာထူးမှနုတ်ထွက်ရတဲ့အထဲပါလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဂျပန် ဝန်ကြီးချုပ် ကီရှီဒါ ကလည်း နိုင်ငံရေးဆိုင်ရာ ရန်ပုံငွေကောက်ခံမှုငွေကြေးအရှုပ်ပေါ်ပုံတစ်ရပ်ကြောင့် အစိုးရအဖွဲ့ကိုပြန်လည်ဖွဲ့စည်းပြီး ဝန်ကြီးအချို့ကို အစားထိုးသွားမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

စီးပွားရေးနဲ့စက်မှုဝန်ကြီးဌာန ဝန်ကြီးရာဆုတိုရှီ နီရှီမူရာက “အများပြည်သူရဲ့အမြင်မှာ ရန်ပုံငွေတွေနဲ့ ပတ်သက်လို့ ကျွန်တော့်အပေါ် သံသယရှိနေကြတယ်။ စုံစမ်းစစ်ဆေးရေးတစ်ရပ်လည်းလုပ်နေပါတယ်။ ကျွန်တော်ကတော့ အားလုံးကိုအမှန်အတိုင်းဖြစ်စေချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက ၂၀၁၂ ခုနှစ်ကစလို့ အာဏာရယူထားနိုင်ခဲ့ပြီးတဲ့နောက် ငွေကြေးဖောင်းပွဘမှုကြောင့် မဲဆန္ဒရှင်တွေအကြားမကျေမနပ်ဖြစ်ခဲ့ရတာရယ်၊ ဒီ့အရင်ကလည်း ဖြစ်ပွားခဲ့သေးတဲ့အရှုပ်တော်ပုံတွေရယ်တို့ကြောင့် ဝန်ကြီးချုပ် ကီရှီဒါ အပေါ် ထောက်ခံမှုရာခိုင်နှုန်းက အရင် LDP ဝန်ကြီးချုပ်များနဲ့ နှိုင်းယှဉ်ရင် အနိမ့်ဆုံးဖြစ်နေရတယ်လို့လည်း လေ့လာမှုစစ်တမ်းတွေကဆိုပါတယ်။

Ref——-AFP

Leave a Reply

Your email address will not be published. Required fields are marked *