October 19, 2024

၁၄. ၁၂. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်းရှိ စက်မှုဇုန်များအတွက် လိုအပ်သည့်စက်သုံးဆီကို ပို့ကုန်ရငွေဒေါ်လာနှင့် ကမ္ဘာ့ရေနံပေါက်ဈေးအတိုင်း တိုက်ရိုက်ဝယ်ယူရန်အတွက် အဆင်ပြေမှုရရှိခဲ့ပြီး ဒေါ်လာလိုအပ်ခဲ့ပါကလည်း ဗဟိုဘဏ်မှ စိုက်ထုတ်ပေးထားမည်ဖြစ်ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များထံမှ သိရသည်။

“ပေါက်ဈေးပေါ့။ ကမ္ဘာ့ပေါက်ဈေးပေါ်မှာ Floating သွားမယ်လေ။ ဒေါ်လာလည်း Floating သွားမယ်။ ဆီလည်း Floating သွားမယ်။ တစ်ခုကောင်းသွားတာက ဗဟိုဘဏ်က စိုက်ပေးမယ်ဆိုတော့ ပိုကောင်းသွားတာ‌ပေါ့” ဟု ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက MT News သို့ ပြောသည်။

စက်မှုဇုန်လုပ်ငန်းများသည် စက်မှုထွက်ကုန်ပစ္စည်းများ အဓိကတင်ပို့နေသည့် လုပ်ငန်းများဖြစ်၍ ပို့ကုန်ဝင်‌ငွေ (Export Earning) အမြောက်အမြားရှိပြီး အဆိုပါ ပို့ကုန်ဝင်ငွေများသည် လုပ်ငန်းရှင်များထံ တိုက်ရိုက်ဝင်ရောက်ခြင်းမဟုတ်ဘဲ ဘဏ်သို့တိုက်ရိုက်ဝင်ရောက်ခြင်းကြောင့် ပို့ကုန်ရငွေ မည်မျှရှိနေသည်ကို ဗဟိုဘဏ်က သိရှိနေမည်ဖြစ်သည်။

ဟ“ကျွန်တော်တို့ စက်မှုဇုန်ကတော့ ဆန်၊ ဆီ၊ ဆားအကုန် ထွက်တဲ့ပစ္စည်းတွေ ပို့နေတဲ့သူတွေကတော့ Export Earning အများကြီးရှိတယ်လေ။ ကျွန်တော်တို့ဆီ တိုက်ရိုက်ဝင်တာတော့ မဟုတ်ဘူးလေ။ ဘဏ်ကိုဝင်တာပဲလေ။ ဘဏ်က အရင်တုန်းက နိုင်ငံတော်က သူ့ဟာသူယူသွားတာပေါ့ဗျာ။ အခုကတော့ ၃၅ ကို ယူပြီးတော့ ၆၅ ကိုတော့ အကြောင်းကြားတာပေါ့။ Respect ပေါ့” ဟု ၎င်းက ပြောသည်။

ယခု ဒီဇင်ဘာ ၅ ရက်မှစတင်၍ စက်မှုဇုန်များအား နိုင်ငံတော်အစီအစဉ်ဖြင့် စက်သုံးဆီများ မရောင်းပေးတော့ဘဲ မိမိအစီအစဉ်ဖြင့်သာ တင်သွင်းရန် ညွှန်ကြားခဲ့ပြီး စက်သုံးဆီတင်သွင်းနိုင်ရန် စက်မှုဇုန်လုပ်ငန်းရှင်များက ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းအား ပြင်ပဈေးကွက်တွင် ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုရန် တင်ပြခဲ့ပြီးနောက် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာရောင်းချနိုင်ရန် ဗဟိုဘဏ်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

စက်မှုဇုန်များနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် အဓိကလိုအပ်သည့် စက်သုံးဆီအတွက် ပို့ကုန်ရငွေ ဒေါ်လာနှင့် ဝယ်ယူနိုင်ရန် မြန်မာနိုင်ငံ စက်သုံးဆီအသင်းနှင့် ချိတ်ဆက်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *