October 30, 2024

တရားမဝင်ကုန်သွယ်မှုများကို စစ်ဆေးဖမ်းဆီးနေမှုအား တွေ့ရစဥ်

၂၄. ၁၁. ၂၀၂၂

Written by Tha Doe

MSME များကို ထိခိုက်စေသည့် တရားမဝင်ကုန်သွယ်မှုများကို ဖမ်းဆီးရာတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ကိုးလအတွင်း ကျပ် ၄၅ ဘီလျံကျော်ဖိုး ဖမ်းဆီးခဲ့ပြီး ယခင်နှစ်ကာလတူထက် ကျပ် ၃၈ ဘီလျံကျော် ပိုမိုဖမ်းဆီးနိုင်ခဲ့သည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းပြီး (၉)လကျော်ကာလအတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့နှင့် OSS (One Stop Service) အဖွဲ့ဝင်ဌာနများသည် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ယခင်ကထက် ပိုမိုထိထိရောက်ရောက် အကောင်အထည်ဖော်လာနိုင်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉)လအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ (၃၀၉၅)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၄၅ ဒသမ ၆) ဘီလီယံဖြစ်ပြီး ယခင် နှစ်ကာလတူ ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ(၁၅၅၈)မှုနှင့် ခန့်မှန်းတန်ဖိုးသည် ကျပ်(၆ ဒသမ ၆၂၆) ဘီလီယံ ဖြစ်သည့်အတွက် ကာလတူတွင် အမှုတွဲ(၁၅၃၇)မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၃၈ ဒသမ ၉၇၄) ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖမ်းဆီးရမိမှုကို ကြည့်မည်ဆိုပါက ဩဂုတ်လနှင့် အောက်တိုဘာလအတွင်း မန္တလေးတိုင်းဒေသကြီးက ဖမ်းဆီးရမိမှုအများဆုံးဖြစ်ပြီး စက်တင်ဘာလအတွင်းတွင် ကရင်ပြည်နယ်က ဖမ်းဆီးရမိမှု အများဆုံးဖြစ်သည်။

အထူးအဖွဲ့များအနေဖြင့် တရားမဝင်တင်သွင်းလာသည့် အမိုနီယမ်နိုက်ထရိတ်များကို လုံခြုံရေးအသိဖြင့် ဖိဖိစီးစီးစစ်ဆေးရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း စိုက်ပျိုးသူ တောင်သူများလက်သို့ လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများ အချိန်မီ တရားဝင် အတားအဆီးမရှိ ရောက်ရှိရေး အတားအဆီးမဖြစ်စေရေး စီမံဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု တားဆီးရာတွင် တရားမဝင် ကုန်စည်များကိုသာမက မူးယစ်ဆေးဝါး၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ၊ လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများကိုလည်း ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များနှင့် ဌာနဆိုင်ရာများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို စစ်ဆေးရာတွင် တရားမဝင်လက်နက် ခဲယမ်းများ၊ ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ ခိုးဝှက်သယ်ဆောင်ခြင်း မရှိစေရေး အလေးထား စစ်ဆေးသွားကြရမည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံအတွင်း အရည်အသွေးပြည့်မီသည့် စားသုံးဆီဖူလုံစေရေး၊ ဈေးနှုန်း တည်ငြိမ်စေရေးအတွက် နိုင်ငံတော်အစိုးရက စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိနေချိန် အကောက်ခွန်မဲ့ တရားမဝင် စားသုံးဆီများ တင်သွင်းသယ်ဆောင်မှုများရှိနေသောကြောင့် အထူးအဖွဲ့များအနေဖြင့် တရားမဝင်စားသုံးဆီ တင်သွင်းမှုများကိုလည်း ထိထိရောက်ရောက် စစ်ဆေးတားဆီး ဖော်ထုတ်ကြရမည်ဖြစ်ကြောင်းလည်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

တရားမဝင်ကုန်သွယ်မှုကို လုံးဝပပျောက်အောင် ဆောင်ရွက်ရန် ယခုအချိန်ကာလအထိ မဖြစ်နိုင်သေးသော်လည်း ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကာကွယ်တားဆီးဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပြီး တရားမဝင်ကုန်စည်များ တားဆီးဖမ်းဆီးရေးတွင် တာဝန်ကျေပွန်စွာ ပါဝင်ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် တာဝန်သိစိတ်ဖြင့် သတင်းအချက်အလက်များပေးပို့သော ပြည်သူများကိုလည်း ထိုက်သင့်သည့် အသိအမှတ်ပြုမှု၊ ချီးမြှင့်မှုအနေဖြင့် ဆုကြေးငွေခွဲဝေပေးခြင်းကိုလည်း သတ်မှတ်ချက်နှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *