October 19, 2024

၁၄. ၁၂. ၂၀၂၃
Written by Pan Ei

အိန္ဒိယပါလီမန်က လွှတ်တော်အမတ်တွေရဲ့ ဧရိယာအတွင်းကို ဗုဒ္ဓဟူးနေ့(ဒီဇင်ဘာ ၁၃ ရက်) မှာ အမျိုးသားတစ်ဦးက ခုန်ချဝင်ရောက်ကာ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့သလို မီးခိုးငွေ့တွေထုတ်လွှတ်မှုဖြစ်ပွားခဲ့ပြီး ဒီဖြစ်စဥ်ဖြစ်ချိန်ဟာ ၂၀၀၁ ခုနှစ်က လူအသေအပျောက်များစေခဲ့တဲ့ ပါလီမန်တိုက်ခိုက်ခံရမှု ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ အခုလို လုံခြုံရေး ကျိုးပေါက်မှုတစ်ခု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

အနက်ရောင် ဂျာကင်အင်္ကျီနဲ့ ဘောင်းဘီရှည် ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးက ဧည့်သည်တွေရဲ့နေရာကနေ ပါလီမန်ထဲက လွှတ်တော်အမတ်တွေရဲ့ ထိုင်ခုံနေရာနားကို ခုန်ဆင်းကာ အမတ်တွေရဲ့ စားပွဲတွေ ပေါ်တက်ခဲ့တာတွေကို အိန္ဒိယတီဗီချန်နယ်တွေမှာ ပြသခဲ့ပါတယ်။

အဲ့ဒီနောက်မှာ သူ့ကို လုံခြုံရေးဝန်ထမ်းတွေနဲ့ ဥပဒေပြုအမတ်တွေက ဝိုင်းရံထားပြီးနောက် သူက သူ့ရဲ့ဖိနပ်ထဲမှာပါတဲ့ အငွေ့ထုတ်ဗူးတွေကို ထုတ်ကာ အဖြူရောင်နဲ့ အဝါရောင် အငွေ့တွေ ထုတ်လွှတ်ခဲ့တယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။

အဲ့ဒီ အခင်းဖြစ်ပွားပြီး မကြာခင်မှာပဲ အောက်လွှတ်တော်က ကျင်းပနေတဲ့ အစီအစဉ်တွေကို ရပ်လိုက်ပေမဲ့ တစ်နာရီခန့်အကြာမှာတော့ လုပ်ငန်းတွေကို ပြန်လည်စတင်ခဲ့ပါတယ်။

စုံစမ်းမှုတွေအရ အဲဒီအမျိုးသားထုတ်လွှတ်လိုက်တဲ့ မီးခိုးတွေဟာ သာမာန်မီးခိုးတွေဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ Om Birla က ပြောကြားခဲ့ပြီး အဆောက်အအုံအတွင်းက လူနှစ်ဦးနဲ့ အဆောက်အအုံအပြင်ဘက်က နှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ သူက ဆိုပါတယ်။

၂၀၀၁ ခုနှစ်က ပါကစ္စတန်အခြေစိုက် စစ်သွေးကြွတွေရဲ့ လုပ်ရပ်လို့ နယူးဒေလီက အပြစ်တင်ခဲ့တဲ့ အဲ့ဒီပါလီမန်အဆောက်အအုံဟောင်းတိုက်ခိုက်မှုမှာ သေနတ်သမားငါးဦး အပါအဝင် လူပေါင်း တစ်ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *