◼️စစ်ပွဲပြီးဆုံးရေးအတွက် ယူကရိန်းပိုင်နက်နယ်မြေလိုက်လျောမှုမပြုနိုင်ဟု ယူကရိန်းသမ္မတ ဆို
၁၃. ၁၂. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၏ ကွန်ဂရက်က ယူကရိန်းနိုင်ငံအားထောက်ပံ့ရန်အတွက် သီးသန့်ရန်ပုံငွေကို အတည်ပြုပေးခြင်းမရှိသည့်တိုင်အောင် အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းအား မည်သို့ ကူညီနိုင်မည်ကို စဉ်းစားသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၁၂ ရက်က ပြောသည်။
သို့သော် ထိုသို့သီးသန့်ရန်ပုံငွေ ခွင့်ပြုခြင်းမရှိမှုကြောင့် လတ်တလောအခြေအနေတွင်မူ ယူကရိန်း၏စစ်ဆင်ရေးဆိုင်ရာတောင်းဆိုချက်များကို တုံ့ပြန်ကူညီနိုင်မှုရပ်ဆိုင်းသွားလိမ့်မည်ဖြစ်ကြောင်းလည်း ဇယ်လန်စကီးနှင့် ဝါရှင်တန်မြို့တွင် တွေ့ဆုံဆွေးနွေးအပြီး ပူးတွဲသတင်းစာရှင်းပွဲ၌ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့သည်။
ထို့ပြင် ယူကရိန်းအတွက်အရေးတကြီးလိုအပ်မည့် ကြားဖြတ်တိုက်လေယာဉ်များ၊ အမြောက်ကြီးများနှင့် လက်နက်ခဲယမ်းများကဲ့သို့ စစ်ဘက်အထောက်အပံ့ပစ္စည်း ဒေါ်လာ သန်း ၂၀၀ ဖိုးကိုလည်း ၎င်းအနေနှင့်အတည်ပြုပြီးဖြစ်ကြောင်း၊ ယူကရိန်းအတွက်အရေးကြီးသော လက်နက်ကိရိယာများကိုအတတ်နိုင်ဆုံး ဆက်လက်၍ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒန်က ကတိပြုခဲ့သည်။
နောက်ဆုံးအနေနှင့် ဂျိုးဘိုင်ဒန် က “ရုရှားသမ္မတ ပူတင်အနေနဲ့ အမေရိကန်က ယူကရိန်းကို ထောက်ပံ့မှု မပြုနိုင်တော့ဘူးဆိုတာကို အားကိုးအားထားပြုနေပုံရတယ်။ သူမှားနေပြီဆိုတာ ကျွန်တော်တို့သက်သေပြရမယ်” ဟု ပြောသွားခဲ့သည်။
ဇယ်လန်စကီးကလည်း အနောက်အုပ်စုအနေဖြင့် အထူးသဖြင့်အမေရိကန်အစိုးရက ယူကရိန်းအစိုးရအားအကူအညီအထောက်အပံ့မပြုဘဲ ထားရစ်ခဲ့မည်မဟုတ်ဟုမျှော်လင့်ကြောင်းပြောခဲ့သည်။
ထို့ပြင် ဇယ်လန်စကီးက ရုရှားနှင့် ပဋိပက္ခကိုဖြေရှင်းနိုင်ရန် ယူကရိန်း ပိုင်နက်နယ်မြေဆိုင်ရာလိုက်လျောမှုတစ်စုံတစ်ရာကိုမှ မပြုလုပ်နိုင်ဟု ပြောခဲ့သေးသည်။ သို့သော် ယူကရိန်းအဖို့ ရုရှားထံ လက်ရှိရုရှားတပ်ဖွဲ့များသိမ်းပိုက်ထားသည်နယ်မြေအချို့ကို လွှဲမပေးဘဲ ၁၉၉၁ ခုနှစ် နယ်နိမိတ်သတ်မှတ်ချက်အတိုင်း ဆက်လက်တည်ရှိရန်မဖြစ်နိုင်ဟု အမေရိကန်အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဂျိမ်းစ်ဒေးဗစ်က ပြောခဲ့သည်။
Ref——Tass, CNN