၁၃. ၁၂. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့သို့ အလည်အပတ်ရောက်ရှိနေသော ယူကရိန်းသမ္မတ ဇယ်လန် စကီးနှင့် တွေ့ဆုံဆွေးနွေးမှုပြုပြီးသော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အား သတင်းစာဆရာတစ်ဦးက အမေရိကန်အစိုးရအနေနှင့် ယူကရိန်းအား မြောက်အတ္တလန်တိတ်စစ်စာချုပ် မဟာမိတ်အဖွဲ့(နေတိုးအုပ်စု) သို့ဝင်ရောက်ရေးထောက်ခံရန်အဆင်သင့် ရှိပြီလောဟု မေးမြန်းခဲ့ရာအဆိုပါမေးခွန်းအား သမ္မတဂျိုးဘိုင်ဒန် က “ဗီးလ်နီးယပ်စ်မြို့(လစ်သူယေးနီးယားနိုင်ငံ၏မြို့တော်) မှာ ကျွန်တော်တို့ပြောခဲ့ကြတုံးက အတိုင်းပါပဲ။ အဖွဲ့ဝင်တွေအားလုံးကလက်ခံပြီး လိုအပ်တဲ့အခြေအနေတွေနဲ့လည်းကိုက်ညီရင် ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်တစ်နိုင်ငံဖြစ်လာမှာပါ။ ဒီအတွက် သူ့အနေနဲ့ စစ်ပွဲကို အနိုင်ရရှိဖို့လည်းလိုပါလိမ့်မယ်။ နေတိုးအဖွဲ့ဝင်ဖြစ်ရေးက ယူကရိန်းရဲ့အနာဂတ်ရည်ရွယ်ချက်လည်း ဖြစ်ပါတယ်။ဒါကိုငြင်းဖို့မလိုပါဘူး” ဟုဖြေကြားခဲ့သည်။
ထို့ပြင် သမ္မတ ဂျိုးဘိုင်ဒန် က ယူကရိန်းအနေနှင့် နေတိုးအုပ်စုကို ဝင်ရောက်ဖို့ရာ လောလောဆယ်မှာ အဆင်သင့်မဖြစ်သေးကြောင်း၊ ပို၍ ရှင်းအောင်ပြောရလျှင် နေတိုးအဖွဲ့ဝင်အဖြစ်လက်ခံခြင်းက ရုရှားကိုတားဆီးရာရောက်စေမည်ဖြစ်သော်လည်း အမေရိကန်-ရုရှားစစ်ပွဲ ဖြစ်ပွားလာနိုင်မှုအန္တရာယ်ကြောင့် နေတိုးအနေနှင့်လည်း ယူကရိန်းကို လက်ခံရန်အဆင်သင့်မဖြစ်သေးပါကြောင်း၊ စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းအား နေတိုးအဖွဲ့ဝင်အဖြစ် အဖွဲ့ဝင်နိုင်ငံအားလုံးက ယခုအချိန်တွင် တစ်သဘောတည်းလက်ခံကြမည်ဟုလည်း မထင်ကြောင်း ပြောသွားခဲ့သေးသည်။
ယူကရိန်းက နေတိုးစစ်အုပ်စုတွင်ပါဝင်ခွင့်ရရှိရေးအတွက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် လျှောက်ထား ကြေညာခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း လစ်သူယေးနီးယားနိုင်ငံမြို့တော် ဗီးလ်နီးယပ်စ်မြို့တွင်ကျင်းပခဲ့သော နေတိုးထိပ်သီးအစည်းအဝေး၌ ယူကရိန်းအနေနှင့် လိုအပ်ချက်အခြေအနေများအားလုံးနှင့်ပြည့်စုံပါက ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း အခိုင်အမာပြောခဲ့သည်။ တဖန်နေတိုးအုပ်စု၏ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး စတိုလ်တန်ဘာ့ဂ် က ယူကရိန်းအား နေတိုးသို့ သင့်တော်သည့်အချိန်တွင် ဝင်ရောက်ခွင့်ပြုမည်ဟု ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် ပြောခဲ့သေးသော်လည်း မည်သည့်အချိန်ဆိုသည်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။
Ref——–Tass, CNN