October 30, 2024

PDF များပစ်ခတ်၍ ပျံလွန်တော်မူသွားသော ဆရာတော်ဦးဇနက္က (Photo-Crd)

၂၄. ၁၁. ၂၀၂၂

Written by Nay Moe

သဘာဝတရားရိပ်သာမှ သာသနာပြုယာဥ်နှစ်စီး သာသနာပြုခရီးသွားလာနေစဥ် ညအချိန်သွားလာ၍ဟုဆိုကာ PDF များက ပစ်ခတ်တိုက်ခိုက်၍ ရဟန်းတစ်ပါးပျံလွန်တော်မူပြီး လေးဦးဒဏ်ရာရရှိခဲ့သည့်အပြင် ပါဝင်သည့်ပစ္စည်းများ ရှာဖွေယူငင်ခံရမှုနှင့် ခေတ္တဖမ်းဆီးခံရမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ သဘာဝတရားရိပ်သာမှ သံဃာတော်နှစ်ပါး၊ သီလရှင် သုံးပါး၊ အမြဲနေယောဂီများအပါအဝင် ဒါယကာ၊ ဒါယိကာမ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး လေးဦး၊ စုစုပေါင်း ၁၆ ဦး လိုက်ပါလာသည့် မော်တော်ယာဉ် အမျိုးအစား Hi Ace မော်တော်ယာဉ်အမှတ်၊ 2K/—–နှင့် မော်တော် ယာဉ် အမှတ်၊ SN/−−−−နှစ်စီးသည် နိုဝင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ထွက်ခွာခဲ့ရာ ည ၉ နာရီခွဲခန့်တွင် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ကဒဲကျေးရွာလမ်းဆုံအနီးသို့ အရောက်၌ PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် မော်တော်ယာဉ်တစ်စီးမှာ လမ်းဘေးသို့ ထိုးကျခဲ့ပြီး ကျန်တစ်စီးမှာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

ညအချိန်သွားလာမှုကြောင့် ပစ်ခတ်သည်ဟုဆိုသည့် အချက်ဖြင့် PDF များက ပစ်ခတ်တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် သံဃာတော် ဘဒ္ဒန္တဇနက (၂၅)နှစ်သည် ဦးခေါင်းတွင် ကျည် ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး ပျံလွန်တော်မူခဲ့သည်။ ထို့ပြင် ဒေါ်အေးသီတာလွင်၊ ဦးနန်းဦးနှင့် ဦးသက် အောင်ဇော်တို့တွင် လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသည်။ ယင်းနောက် PDF များက ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ၎င်းတို့အားလုံးအား မော်တော်ယာဉ်ဖြင့် ကဒဲကျေးရွာဘုန်းတော်ကြီး ကျောင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်စဉ်တွင် ပျံလွန်တော်မူခဲ့သည့် ရဟန်းတော်အား နိုဝင်ဘာ ၂၃ ရက် နံနက် ၈ နာရီခန့်တွင် ကဒဲကျေးရွာသင်္ချိုင်း၌ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကာ ဖမ်းဆီးခံခဲ့ရသူများအား မွန်းလွဲပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“PDF တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ နှစ်ဖက်ကြားထဲမှာ ပြောရဆိုရတာ အင်မတန်ခက်ပါတယ်။ လက်ရှိအခြေအနေကတော့ အမြန်ဆုံးငြိမ်းချမ်းဖို့လိုတာပါပဲ။ လူတွေတော်တော်ဒုက္ခရောက်နေကြပါတယ်”ဟု ခရီးစဥ်တွင် ပါဝင်သည့် သဘာဝတရား ရိပ်သာဆရာတော်၏ ကပ္ပိယအဖြစ် ဝတ်ဖြည့်နေသူတစ်ဦးက ပြောသည်။

သဘာဝတရားရိပ်သာမှ ဆရာတော်ဦးဥတ္တမသာရဦးဆောင်ကာ ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း မှ ထိုင်းနိုင်ငံ ရနောင်း၊ စုန်ခလာ၊ မလေးရှားအထိ သုံးနိုင်ငံသာသနာပြုခရီးစဥ်ရှိခဲ့ပြီး သဘာဝတရားရိပ်သာဆရာတော်မှာ ရနောင်းမှ ဘန်ကောက်၊ မဲဆောက်သို့ ပြန်လည်ကြွချိန်တွင် ကျန်သံဃာများက ဆရာတော်နှင့်ဆုံရန် ချိန်းဆိုထားသည့် မြဝတီမြို့သို့ ကော့သောင်းမှ ထားဝယ်-မြိတ်လမ်းအတိုင်း ချိန်းဆိုချိန်အမီ ခရီးထွက်ခဲ့ရာမှ ညအချိန်ဖြစ်၍ သွားချိန်ရှိသည့်အတိုင်း ခရီးထွက်ခဲ့ရာမှ နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီခွဲတွင် ညအချိန်သွားလာ၍ဟုဆိုကာ PDF များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဥ်ကြောင့် ရဟန်းတစ်ပါးပျံလွန်သည့်အပြင် သဘာဝတရားရိပ်သာပိုင် အံစာတုံးမော်တော်ယာဥ်နှစ်စီးလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *