၁၃. ၁၂. ၂၀၂၃
Written by Nay Moe
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းမှာ KNU နဲ့ PDF တွေ ထောင်ထားတဲ့ တိုက်မိုင်းပေါက်ကွဲမှုဖြစ်ပွားတာကြောင့် အမြန်ရထားတစ်စီးတိမ်းမှောက်မှု ဒီနေ့မနက်က ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဖြစ်စဥ်က ဒီဇင်ဘာ ၁၂ ရက် ညနေ ၅ နာရီခန့်မှာ မန္တလေးကနေ ရန်ကုန်မြို့ ထွက်ခွာလာတဲ့ စက်ခေါင်းအမှတ်၊ DF/2083 လူစီးရထားဟာ ဒီနေ့ ဒီဇင်ဘာ ၁၃ ရက် နံနက် ၃ နာရီ ၄၅ မိနစ်ခန့်မှာ ကျောက်တံခါးမြို့ အရှေ့တောင်ဘက် မီတာ ၇၅၀၀ ခန့်အကွာ ရထားလမ်း မိုင်တိုင်အမှတ် (၁၀၃/၂၄) နဲ့ (၄၀၁/၁) ကြား ရောက်ရှိချိန် အကြမ်းဖက်သမားတွေက ရထားသံလမ်း ဘယ်ဘက်နဲ့ ညာဘက်တို့ကို ရီမုမိုင်းနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့တာပါ။
ဖောက်ခွဲဖျက်ဆီးမှုကြောင့် ရထားပေါ် လိုက်ပါလာတဲ့မီးရထားဝန်ထမ်းတွေ ခရီးသည်တွေ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိပေမဲ့ မီးရထားစက်ခေါင်းတွဲကတော့ လမ်းညာဘက်သို့ ၃၀ ဒီဂရီခန့်နဲ့ ရထားတွဲ အမှတ်(၂/၃) က လမ်းညာဘက်ကို ၁၅ ဒီဂရီခန့် လမ်းချော်ခဲ့ပြီး ရထားသံလမ်း ဘယ်၊ ညာ ၁၈ ပေခန့်နဲ့ ဇလီဖားတုံး ၂၀ ခန့် ပြတ်တောက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ဒီရထားက ခရီးသွားပြည်သူတွေအတွက် သီးသန့်ပြေးဆွဲပေးတဲ့ အထူးအမြန်ရထားပါ။ မီးရထားဝန်ထမ်းကိုတောင် အခမဲ့စီးခွင့်မပေးတဲ့ ပြည်သူတွေအတွက် ပြေးဆွဲပေးနေတဲ့ရထားပါ။ ဒီလိုအမြန်ရထားမျိုးကို တိုက်ခိုက်တာကတော့ မဖြစ်သင့်ပါဘူး” မြန်မာ့မီးရထားဝန်ထမ်းတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ရထားတိမ်းမှောက်မှုဖြစ်စဥ်ကြောင့် ရန်ကုန်- မန္တလေး အမြန်ရထားလမ်းပိုင်း ခရီးစဥ်တွေ ယာယီဖျက်သိမ်းထားသလို ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ခရီးသွားမဲ့ပြည်သူတွေ ကြိုတင်ဝယ်ယူထားတဲ့လက်မှတ်ခတွေကိုလည်း ပြန်လည်အမ်းပေးနေတယ်လို့ သိရပါတယ်။