၁၃. ၁၂. ၂၀၂၃
Written by Ye Kyaw
စိုးရိမ်စိတ်များဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်းမရှိတော့သည့်အတွက် ရောင်းလိုအားနှင့် ဝယ်လိုအား ပြန်လည်မျှတလာ၍ ရန်ကုန်မြို့တွင်း စက်သုံးဆီအရောင်းဆိုင်များ၌ တန်းစီဝယ်ယူရခြင်းမရှိတော့ဘဲ ပုံမှန်အတိုင်း ဆီများဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
“ဆီက ဘယ်လောက်ဝင်တယ်ဆိုတဲ့ ဒေတာကိုတော့ ကျွန်တော်တို့ ပြောလို့မရဘူး။ အရင်ရက်တွေက ဝင်တဲ့ပမာဏနဲ့ ဒီရက်ပိုင်းဝင်တဲ့ ပမာဏက အတူတူပဲဆိုပေမဲ့ စိုးရိမ်စိတ်နဲ့ ဝယ်ယူတာတွေ မရှိတော့လို့ ဒီရက်တွေမှာ ကြည့်လိုက် ပုံမှန်အတိုင်း အရင်လောက်ပဲ ကားရှိတာ။ ဟိုရက်တွေကလည်း ကျွန်တော်တို့က အကန့်အသတ်လေးတွေနဲ့ ရောင်းတယ်ဆိုတာက ရှိတာအကုန်ရောင်းလိုက်ရင် တစ်နာရီပဲကြာတာ။ အလုပ်သမားတွေ ပိုတောင်သက်သာသေးတယ်။ အဓိက စိုးရိမ်စိတ်နဲ့ ဝယ်တာများတော့ အရင်ရက်က ရောင်းလိုအား၊ ဝယ်လိုအားမမျှတဲ့ သဘောပေါ့” ဟု တာမွေမြို့နယ်ရှိ နာမည်ကြီး စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။
ဒီဇင်ဘာ ၁၂ ရက် (ယမန်နေ့) နေ့လည်ပိုင်းမှစတင်၍ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီများကို ပုံမှန်အတိုင်း စတင်ရောင်းချနိုင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက် (ယနေ့)တွင် စက်သုံးဆီအခက်အခဲများ မဖြစ်ပေါ်မီ အချိန်များကဲ့သို့ တန်းဆီဝယ်ယူရခြင်းမရှိတော့ဘဲ ပုံမှန်အတိုင်း ပြန်လည်ရောင်းချနိုင်ခဲ့သည်။
“အခုဆို ပုံမှန်ဝယ်လို့ရနေပြီ။ ဒါပေမဲ့လည်း ကျွန်တော်တို့မှာကတော့ စိုးရိမ်စိတ်လေးရှိသေးတာပေါ့။ အဲဒီတော့ အရင်လို ဆီကုန်မှထည့်တာမျိုးမလုပ်တော့ဘဲ ပိုက်ဆံဆောင်ထားတယ်။ အဆင်ပြေတဲ့ဆိုင်တွေ့ရင် ဆီဖြည့်လိုက်တယ်။ ကားထဲမှာ ဆီပြတ်သွားတဲ့အထိတော့ မထားတော့ဘူး။ ကြုံရင်ကြုံသလို ဆီဝင်ထည့်တယ်။ နောက်နေ့မနက်မှာ ဆီအပြည့်ဖြစ်အောင်လို့လေ” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။
သီလဝါ Terminal များမှ ဆီထုတ်ရန် အခက်အခဲများဖြစ်ပေါ်နေသည်ဆိုသော သတင်းများထွက်ပေါ်လာပြီးနောက် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ဈေးနှုန်းများ မဖွင့်လှစ်ဘဲ ဆီမရောင်းချပေးခြင်း၊ တန်းစီဝယ်ယူရခြင်းအပြင် လိုအပ်သည့်ပမာဏအတိုင်းမရရှိဘဲ အများဆုံး ကျပ် ၃၀,၀၀၀ ဖိုးအထိသာ အကန့် အသတ်များဖြင့် ရောင်းချပေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၃ ရက် ယနေ့တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းမျာသည် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၄၆၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၅၇၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၂၂၁၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၂၇၀ ကျပ် ဖြစ်ပေါ်လျက်ရှိသည်။
လက်ရှိတွင် ပြည်တွင်းစက်သုံးဆီဖူလုံနေ၍ ဆီပြတ်လပ်နိုင်မှုမရှိကြောင်း တရားဝင်ကြေညာထားပြီး တရားမဝင်စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချနေမှုများကိုလည်း သတင်းပေးတိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။