၁၃. ၁၂. ၂၀၂၃
Written by Nay Moe
Dawei Watch သတင်းဌာနရဲ့ မြိတ်အခြေစိုက် သတင်းထောက်တွေဖြစ်တဲ့ ကိုအောင်ဆန်းဦးနဲ့ ကိုမျိုးမြင့်ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၁၁ ရက် ညသန်းခေါင်အချိန် နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ Dawei Watch က ထုတ်ပြန်ပါတယ်။
သတင်းရေးသားမှုကြောင့် ဖမ်းဆီးတာလို့ လာရောက်ဖမ်းဆီးချိန်မှာ မိသားစုကို ပြောဆိုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
Dawei Watch ရဲ့ သတင်းထောက်နှစ်ဦးကိုဖမ်းဆီးရာမှာ ဖမ်းဝရမ်းမပါဘဲ ညသန်းခေါင်အချိန် ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘယ်နေရာကိုခေါ်ဆောင်သွားပြီး ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိဘူးလို့ ဆိုပါတယ်။ Dawei Watch ရဲ့ စုံစမ်းမှုအရတော့ စစ်ကြောရေးစခန်းမှာ ချုပ်နှောင်စစ်ဆေးနေတာကို သိရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးချိန်မှာ Dawei Watch မီဒီယာပိုင် လပ်တော့ပ် ၂ လုံးအပါအဝင် သတင်းထောက်တွေရဲ့ ဖုန်းနဲ့မိသားစုဝင်တွေရဲ့ ဖုန်းတွေကိုပါ သိမ်းဆည်းသွားတယ်လို့လည်း ဆိုပါတယ်။
ဥပဒေမဲ့ဖမ်းဆီးစစ်ဆေးခံနေရတဲ့ Dawei Watch မီဒီယာရဲ့ သတင်းသမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့လည်း Dawei Watch ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။