October 30, 2024

MT News

Written by Nay Moe

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ကြီးရပ်ကွက်ရှိ ပုဇွန်တောင်ဘူတာဘူတာရုံးခန်းအတွင်းသို့ ပစ္စတို ၁ လက် ကိုင်ဆောင်ထားသည့် အမျိုးသား ၂ ဦး ဝင်ရောက်လာပြီး ဘူတာစာရေး ဦးသိန်းဝင်းထွန်းအား လက်နက်ဖြင့်ခြိမ်းခြောက်ကာ ရုံးခန်းအတွင်းရှိ ဆိုင်ခန်းခကောက်ခံငွေနှင့် ရထား လက်မှတ်ရောင်းရငွေ စုစုပေါင်း ငွေကျပ်သိန်း ၂၀ဝ ကျော်အား လုယက်ယူဆောင်သွားခဲ့သူများကို ဖမ်းမိရာမှ ထိုသူများမှာ KNLA တပ်မဟာ (၇) သင်တန်းဆင်းများဖြစ်နေပြီး ၎င်းတို့လုပ်​ဆောင်ခဲ့သည့် အကြမ်းဖက်သတ်ဖြတ်မှုများနှင့် ဗုံးခွဲမှုများကိုပါ ဖော်ထုတ်နိုင်ခဲ့ကြောင်း SAC က ကြေညာထားသည်။

လုယက်မှုကျုးလွန်သူများကို နိုဝင်ဘာ၂၂ ရက် ညနေတွင် ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းဟောင်းရှိ လက်ဖက်ရည်ဆိုင်၌ စတင်ဖမ်းမိခဲ့ပြီး ထိုသူများမှာ သူရိန်ထွန်း(ခ)ဖိုးသား၊ ၎င်းနှင့် တရားမဝင်ပေါင်းသင်းနေသူ အိအိဇော်နှင့် ဝေလင်းအောင် တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။ သူရိန်ထွန်း၏ ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်းတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဧရာချမ်းသာကွန်ဒို၊ တိုက်အမှတ်(၁၀/ဘီ)(၁၅)လွှာ၊ အခန်းအမှတ် (၂၁၇)၌ ဆက်စပ် တရားခံများဖြစ်သော ရဲရင့်ခန့် နှင့် ထွန်းလင်းအောင် တို့ ၂ ဦးအား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

ထွန်းလင်းအောင်၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ တိုက်အမှတ်(၃၁)အခန်းအမှတ် (၃၀၃)၌ Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ အမျိုးအစား(စိစစ်ဆဲ)ပစ္စတို ၁ လက်၊ ၆ လုံးပြူး ၁ လက်၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ ကျည်မျိုးစုံ ၁၅၂ တောင့် ၊ အသံတိတ် ပြောင်း ၁ ခု၊ လက်ပစ်ဗုံး မျိုးစုံ ၃၃ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ TNT ယမ်းတောင့် ၁၆ တောင့်၊ ဒီတိုနေတာ ၁၀၀ ချောင်းနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ သူရိန်ထွန်းနှင့် ရဲရင့်ခန့်တို့ ၂ ဦးသည် ဖမ်းဆီးရန်ကျန်တရားခံ အားညီ၏ ချိတ်ဆက်ပေးမှုဖြင့် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် KNLA တပ်မဟာ(၇) ၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းအား ၁ လခန့် တက်ရောက်ခဲ့ကြောင်းနှင့် ဓားပြတိုက်လုယက်မှု ကျုးလွန်ရာတွင် အသုံးပြုမည့် လက်နက်/ခဲယမ်းများကို အားညီ က မြဝတီမြို့မှတစ်ဆင့် သူရိန်ထွန်းထံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဓားပြတိုက်လုယက်မှုဖြစ်စဉ် မဖြစ်ပွားမီ ဘူတာစာရေး သန်းဇော်ဦး (နိုဝင်ဘာလ ၁ ရက်တွင် ဖမ်းဆီးရမိ) သည် လက်ဖက်ရည်ဆိုင်သို့ ကြိုတင်သွားရောက်ရှောင်တိမ်းနေခဲ့ပြီး သူရိန်ထွန်းနှင့် ရဲရင့်ခန့် တို့အား ဖုန်းဆက်၍ ပုဇွန်တောင်ဘူတာ ရုံးခန်း၌ ဘူတာစာရေး ဦးသိန်းဝင်းထွန်း တစ်ဦးတည်းသာ ကျန်ရှိနေခဲ့ပြီး ဝင်ရောက်ဓားပြတိုက်လုယက်ရန် သတင်းပေးခဲ့သည်။ သို့ဖြစ်၍ သူရိန်ထွန်းနှင့် ရဲရင့်ခန့်တို့သည် ပစ္စတို ၁ လက် ကိုင်ဆောင်ကာ ပုဇွန်တောင်ဘူတာရုံးခန်းအတွင်းသို့ ဝင်ရောက်၍ ဓားပြတိုက်လုယက်မှု ကျူးလွန်ခဲ့ပြီး ထွန်းလင်းအောင်မှ အခြေအနေစောင့်ကြည့်ပေးခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် အားညီ၏ ခိုင်းစေမှုဖြင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ၂ ကြိမ်နှင့် ဖောက်ခွဲမှု ၂ ကြိမ် ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျုးလွန်မှုများမှာ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင် တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား သူရိန်ထွန်းနှင့် ထွန်းလင်းအောင်တို့မှ လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်၊ ဩဂုတ် ၈ ရက်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်းကြီး(အရှေ့)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ရာအိမ်မှူး ဦးကျော်မင်းဟန်အား သူရိန်ထွန်းမှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထွန်းလင်းအောင် မှ အခြေအနေကြည့်ရှုပေးခဲ့သည့်ဖြစ်စဥ်၊ စက်တင်ဘာ ၁၀ ရက်တွင် တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ကွက်သစ် ရပ်ကွက်၊ ဗညားဒလလမ်းပေါ်၌ သူရိန်ထွန်းနှင့် ထွန်းလင်းအောင် တို့မှ လက်လုပ်ရီမုမိုင်း ၁ လုံး ဖောက်ခွဲခဲ့ပြီး ရဲရင့်ခန့်မှ အခြေအနေကြည့်ရှုပေးခဲ့သည့် ဖြစ်စဥ်နှင့် စက်တင်ဘာ ၁၃ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မီးရထားဝင်းအတွင်းရှိ သက်သာဆိုင်၌ အပြစ်မဲ့ပြည်သူ ဦးအောင်အောင် အား သူရိန်ထွန်းမှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထွန်းလင်းအောင်မှ အခြေအနေကြည့်ရှုပေးခဲ့သည့် ဖြစ်စဥ်များဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်တွင် ကျုးလွန်သူများကို ထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရေးနှင့် ကျန်ရှိတရားခံများကို ဆက်လက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *