ယခင် AA နှင့် တိုက်ပွဲများ ရပ်တန့်သွားစဉ်ကလည်း တိုက်ပွဲများ ပြန်မဖြစ်ဖြစ်အောင် ယခုကဲ့သို့ လုပ်ဆောင်မှုများရှိခဲ့ဟု ဆို
၁၂. ၁၂. ၂၀၂၃
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေး နွေးမှုများအပေါ် NUG နှင့် အနောက်နိုင်ငံများမှ အထောက်အပံ့ ယူထားသည့် မီဒီယာများအနေဖြင့် မဟုတ်မှန်ကြောင်းနှင့် သတင်းအမှားများထုတ်လွှင့်ပြီး မြန်မာ-တရုတ်နယ်စပ်တွင် ငြိမ်းချမ်းရေးမရရှိစေရန် ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“အနောက်နိုင်ငံအားပေး မီဒီယာများ NUG ရဲ့ ထောက်တိုင်မီဒီယာများအနေနဲ့ ကျွန်တော်တို့ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ၊ တရုတ်-မြန်မာနှစ်နိုင်ငံရဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားနေတာတော့ အမှန်ပဲဖြစ်ပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ပြေလည်သွားမှာကို နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းသွားမှာကို မလိုလားဖြစ်နေတာတော့ အထင်းသားတွေ့နိုင်တယ်လို့ ပြောချင်ပါတယ်။ အနောက်နိုင်ငံအား ပေး မီဒီယာများ၊ အနောက်နိုင်ငံ ထောက်တိုင်မီဒီယာများအနေနဲ့ကတော့ ဒီကိစ္စမှမဟုတ်ပါဘူး။ သူတို့အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ ဘယ်နေရာကိုမှ ငြိမ်းချမ်းစေချင်တာမဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မငြိမ်းချမ်းလေ သူတို့အတွက် ဝင်ငွေရရှိလေပဲဖြစ်ပါတယ်။ သူတို့ရပ်တည်နေတာသည် မြန်မာနိုင်ငံအလုံးစုံပျက်သုဥ်းရေး၊ မြန်မာနိုင်ငံမှာ သူတို့ကို ထောက်ပံ့ပေးနိုင်မယ့်၊ မြန်မာနိုင်ငံမှာ သူတို့လိုလားတဲ့ သူတို့ရဲ့ လက်ကိုင်တုတ်အစိုးရရှိရေးအတွက် ရည်မှန်းပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံရဲ့ မည်သည့်နေရာမှာမဆို တိုက်ပွဲတွေ ရပ်တန့်သွားမှာ ငြိမ်းချမ်းရေးရရှိသွားမှာ သူတို့ရဲ့ အစိုးရိမ်ဆုံးဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယခင် AA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အချိန်က ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ ကြိုးစားမှုဖြင့် တိုက်ပွဲများရပ်တန့်သွားချိန်တွင်လည်း တိုက်ပွဲများ ပြန်လည်မဖြစ်ဖြစ်အောင် အနောက်အားပေး မီဒီယာများက လှုံ့ဆော်သွေးထိုးမှုများကို လုပ်ခဲ့မှုများရှိခဲ့ကြောင်း သိရသည်။
“ယခင်နှစ်တွေကလည်း AA အဖွဲ့နဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ခဲ့ကြတယ်။ တွေ့ဆုံဆွေးနွေးမှုတွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေရဲ့ ဆောင်ရွက်ချက်တွေကြောင့် တိုက်ပွဲရပ်တန့်သွားတယ်။ တိုက်ပွဲရပ်တန့်သွားတဲ့အချိန်မှာလည်း ဒီလိုပဲ ဝေဖန်မှုတွေ ထွက်လာတာဖြစ်ပါတယ်။ ရပ်တန့်သွားတဲ့တိုက်ပွဲကို မဖြစ်ဖြစ်အောင် လှုံ့ဆော်မှုတွေ၊ သွေးထိုးမှုတွေ လုပ်ဆောင်တာဖြစ်ပါတယ်။ အခုလည်းဒီလိုပဲ လုပ်ဆောင်တာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ရွေးကောက်ပွဲ မဲမသမာမှုကြောင့် နိုင်ငံတော်တာဝန်ကို ရယူခဲ့ရခြင်းဖြစ်ပြီး နိုင်ငံတော်တာဝန်ကို မယူမီအချိန်ကလည်း ညှိနှိုင်းမှုအမျိုးမျိုးဆောင်ရွက်ခဲ့ကြောင်းနှင့် တာဝန်ယူပြီးချိန်၌လည်း တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းရန် လမ်းစများဖွင့်ပေးခဲ့သော်လည်း NUG တွင် တာဝန်ယူထားသူများသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကာ အကြမ်းဖက်မှုများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အခု ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ NUG၊ PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ရဟန်း၊သံဃာ ၉၂ ပါးကို သတ်ဖြတ်ခဲ့ပါတယ်။ ပညာရေးဝန်ထမ်း ၈၈ ဦး သတ်ဖြတ်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်း ၂၀ ဦး သတ်ဖြတ်ခဲ့ပါတယ်။ သူတို့ဖျက်ဆီးမီးရှို့ မိုင်းထောင်ခဲ့တဲ့ ဆေးရုံ၊ ဆေးခန်းပေါင်း ၅၅ ခုရှိပါတယ်။ စာသင်ကျောင်း ပညာရေးဆိုင်ရာအဆောက်အဦ ၇၇၃ ခုရှိခဲ့ပါတယ်။ အများပြည်သူလူထု အသုံးပြုနေတဲ့ ဆက်သွယ်ရေးတာဝါတိုင် ၆၀၀ ကျော်ဖျက်ဆီးခဲ့ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။