မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ နေအိမ် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်နေ
MT News
နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၀ ဒသမ ၄၄ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်၊၊
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁ ရက် ည ၇ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ တောင်စဉ်အေး ကျေးရွာအနီးတွင် တင်ဇော်လတ် မောင်းနှင်၍ ကျော်စန်းဌေး လိုက်ပါလာသည့် CHENGLONG TIPPER မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၂ သိန်း တွေ့ရှိခဲ့သည်။
တရားခံအား စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ တာဝန်ခံသယ်ဆောင်သူ ထန်ခိုဆေး အား ယင်းနေ့ ည ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၇ x ၂၈ ကြား၊ ၆၃ (C)လမ်းရှိ Hotel တွင် ဖမ်းဆီးရမိခဲ့၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ ၎င်း၏နေအိမ်မှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာတွင် အသုံးပြုသည့် TOYOTA LANDCRUISER မော်တော်ယာဉ် ၁ စီးနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကျပ် ၁,၂၀၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာ ၂ ရက် နံနက် ၄ နာရီတွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်း(အရှေ့)ရပ် ကွက်နေ ဝင်းအောင်အား စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်း၊ PRADO မော်တော်ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သည့် ငွေကြေးစီးဆင်းမှုများကို စိစစ်ဖော်ထုတ်ချက်များအရ ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အိုင်ကြီးကျေးရွာနေ သန်းသန်းထွန်း (ခ) အားစိုင်း ကို စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၇၆ သိန်း၊ ဘိန်းဖြူ ၈ ဒသမ ၈ ကီလို၊ SUPER CUSTOM မော်တော်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထိုတရားခံများအပြင် ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ မလားဆန်းခူးမီး ကို ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ ဒသမ ၂ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ ရှမ်းပြည်နယ်မှ မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့သို့ သယ်ဆောင်ရောင်းဝယ်ပြီး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ထိန်း ချုပ်ဓာတုပစ္စည်း ကဖင်းများကို ကလေးမြို့မှ ရှမ်းပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
ထို့ကြောင့် အဆိုပါ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo – Myanmar Digital News