MT News
Written by Nay Moe
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာရှိ NUG တရားရုံးကို ဒီဇင်ဘာလ ၁၂ ရက် နေ့လယ် ၁၂ နာရီခန့်မှာ လေကြောင်းတိုက်ခိုက်ဗုံးကြဲခဲ့တာကြောင့် NUG တရားရေးတာဝန်ခံ လင်မယားနဲ့ လုံခြုံရေးယူပေးတဲ့ PDF လက်နက်ကိုင်တစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များပြားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
“နေဘုန်းလတ်ကပြောတော့ ကျွန်တော်တို့ NUG ဟာ တရားဝင်အစိုးရဖြစ်နေပြီတဲ့။ စိုးမိုးနယ်မြေတွေရှိနေပြီတဲ့။ ဒီနေ့ ၁၂. ၁၂. ၂၀၂၃ နေ့မှာဘဲ ပုလဲမြို့နယ်ထဲက မင်းတိုင်ပင်ရွာ(ကင်းဝန်မင်းကြီးဦးကောင်းရဲ့ဇာတိရွာ) က NUG ပြည်သူ့တရားရုံးကို လေကြောင်းကနေထုလိုက်တာ တရားရေးဝန်ထမ်း ၃ ဦးကြွသွားတယ်။ အမှုလာပြီး ရင်ဆိုင်တဲ့သူ ၃ ဦး ခြေတွေလက်တွေပြတ်ကုန်တယ်။ သူတို့ကတော့ ကျည်ကွယ်မျက်ကွယ်ကနေ ညွှန်ကြားချက်တွေပေးပြီး ပါဝါပြ ဂုဏ်ဆာနေကြတယ်။ အောက်ခြေက အမြှောက်ကြိုက်တွေ ဘာအကာအကွယ်မှမရှိဘဲ စတေးခံနေကြရတယ်။ လေးစားတယ်နုဂျီရေ” လို့ Ko Oo Swe My အကောင့်ပိုင်ရှင်က ရေးသားထားပါတယ်။
ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာက နေအိမ်မှာ NUG ရဲ့ တရားရုံးဖွင့်ထားတာဖြစ်ပြီး အဲဒီနေအိမ်တစ်ခုတည်းကိုပဲ ရွေးချယ်ဗုံးကြဲသွားတာကြောင့် သတင်းပေးတွေရှိနေတယ်လို့ သုံးသပ်နေကြသလို တရားစီရင်မှုဘက်လိုက်တာကြောင့် မတရားခံရတဲ့ပြည်သူတွေက သတင်းပေးလိုက်တာလို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။
သေဆုံးသူတွေက တရားရေးတာဝန်ခံ ကိုပေါပြည့်အောင်၊ မသဲနုမြင့်ဇော်ဆိုသူ လင်မယား၊ လုံခြုံရေးယူပေးတဲ့ PDF တစ်ဦးနဲ့ သားအမိနှစ်ဦးတို့သေဆုံးပြီး လေကြောင်းဗုံးကြဲတာက နှစ်ကြိမ်ကို လေးလုံးကြဲချတာလို့လည်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇော်ထက်က မီဒီယာတွေကို ပြောထားပါတယ်။