October 20, 2024

၁၁. ၁၂. ၂၀၂၃

Written by Naing Thuta

အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်)ကျောင်းသားတစ်ဦး ရေကူးကန်တွင် သူငယ်ချင်းများနှင့် ရေချိုးဆော့ကစားရင်း ရေနစ်သေဆုံးမှု ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၁၁ ရက်)ညနေ ၃ နာရီခန့်က မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ရွှေပုံတောင်ရပ်(ဒေသအခေါ်)ရှိ ROYAL GARDEN စားသောက်ဆိုင်ရှိ ရေကူးကန်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်)ကျောင်းမှ အသက် ၁၉ နှစ်အရွယ် အမျိုးသားသည် တစ်ကျောင်းတည်းကျောင်းတက်နေသည့် သူငယ်ချင်း ၃ ဦးတို့နှင့်အတူ အရက်သေ စာသောက်စားပြီး ရေချိုးဆော့ကစားရာမှ ကျန်သူငယ်ချင်း ၃ ဦးတို့ ရေချိုးပြီး ကုန်းပေါ်သို့ တက်ရောက်စဉ် သေဆုံးသူမှာမူ ရေကန်တွင် ထပ်မံဆင်း၍ ရေချိုးခဲ့ရာ ရေနက်ဘက်ကို ဆင်းမိပြီး ရေမကူးတတ်သဖြင့် ရေနစ်သေဆုံးခဲ့ကြောင်း သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးပြောပြချက်အရ သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းမှုများပြုလုပ်ပြီးနောက် သေဆုံးသူ၏ အလောင်းအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ညောင်ဦးမြို့နယ်၊ စဉ့်ကူတိုက်နယ်ဆေးရုံပို့ဆောင်ပေးခဲ့ကြသည်။

ထို့ပြင် ရေနစ်သေဆုံးခြင်းသည် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်ကို ချောက်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်( ၅ / ၂၀၂၃ )ဖြင့် ညနေ ၆ နာရီ ၃၀ မိနစ်တွင် အမှုဖွင့်ထားပြီး ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

အဆိုပါစားသောက်ဆိုင်ရှိ ရေကူးကန်မှာ အလျား ၈၀ ပေ၊ အနံ ၄၀ ပေ၊ ရေအနက် ၆ ပေ- ရေအတိမ် ၃ ပေခန့်ရှိပြီး သေဆုံးသူသည် စလင်းမြို့နယ်၊ နတ်တပ်ရွာတွင် နေထိုင်ကာ အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်)ကျောင်း၌ AGTI(မြို့ပြအင်ဂျင်နီယာ- ဒုတိယနှစ်ဝက်)တက်ရောက်နေသူ ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *