MT News
၁၂. ၁၂. ၂၀၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်တွင် ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီခွဲအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ ရွာသစ်ကျေးရွာအနီး၊ တောင်ကြီး-လွိုင်လင်သွားကားလမ်းတွင် စိုင်းထွန်းလူ(ခ)စိုင်းနော်ခေး မောင်းနှင်လာသည့် HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၉ ဒသမ ၀၉ ကီလို၊ ကက်တမင်း ၁၀၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား တာချီလိတ်မြို့နယ်မှ တောင်ကြီးမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် လူငယ်များအားအန္တရာယ်ဖြစ်စေမည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းများကို ထိရောက်စွာဟန့်တားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။