၁၂. ၁၂. ၂၀၂၃
Written by Hey Mar
လူမှုရေးကိစ္စကြောင့် စကားများရန်ဖြစ်ရာက ခင်ပွန်းမှ ဇနီးကို ဓားနဲ့ ခုတ်သ-ခဲ့တဲ့ ဖြစ်စဥ်တစ်ခု ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှာ မနေ့က ဒီဇင်ဘာ ၁၁ ရက်နေ့ ညဦးပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာနယ်မြေခံ ရဲစခန်းထံက သိရပါတယ်။
ဖြစ်စဥ်အရ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြောင်ကြီးကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဦးမြင့်သိန်း(၇၄)နှစ်က ဇနီးဖြစ်သူ မခင်မြနွယ်(၃၃)နှစ်ကို လူမှုရေးကိစ္စ ရှုပ်ထွေးနေတာ မကြိုက်နှစ်သက်ကြောင်း အကြောင်းပြုပြောဆိုရာက မီးဖိုဆောင်မှာ စကားများရန်ဖြစ်ကြချိန် ဦးမြင့်သိန်းက အနီးရှိဓားမနဲ့ ခုတ်တာကြောင့် မခင်မြနွယ်မှာ ကုတ် ၊ ညာဘက် နားထင်၊ ညာဘက်ပါး ၊ ညာဘက် ပုခုံးတို့မှာ ပြတ်ရှဒဏ်ရာ(၇)ချက်ရရှိပြီး၊ အခင်းဖြစ်နေရာတင် သေ-ဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဥ်ကို နယ်မြေခံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီး၊ ဇနီးဖြစ်သူ အသက်သေ-ဆုံးတဲ့အထိ ဓားနဲ့ ခုတ်သူ ဦးမြင့်သိန်း(၇၄)နှစ်၊ အမှတ်(၂)ရပ်ကွက်၊ မြောင်ကြီးကျေးရွာ၊ မြန်အောင်မြို့နယ်နေသူကို ၊ အင်ပင်နယ်မြေရဲစခန်းက (ပ)၇၂/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူဖမ်းဆီးပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။