October 19, 2024

၁၂. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖိန်က ဗီယက်နမ်နိုင်ငံသို့ နှစ်ရက်ကြာချစ်ကြည်ရေးခရီး အလည်အပတ်သွားရောက်ရန် ဒီဇင်ဘာ ၁၂ ရက်တွင် ထွက်ခွာသွားခဲ့ရာ အာရှတိုက်၏ အိမ်နီးချင်းကွန်မြူနစ်နှစ်နိုင်ငံအကြား ဆက်ဆံရေးများကို အဆင့်မြှင့်ရန်ခရီးစဉ်ဖြစ်လိမ့်မည်ဟု သုံးသပ်ကြသည်။ အထူးသဖြင့် လွန်ခဲ့သောသုံးလခန့်က အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ ဟနွိုင်မြို့သို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့မှုအပြီးတွင် အင်အားကြီးနိုင်ငံများ၏ ဗီယက်နမ်နိုင်ငံအပေါ် ဩဇာလွှမ်းမိုးမှုအတွက် အပြိုင်အဆိုင် ကြိုးစားသည့် ခရီးစဉ်တစ်ခုအဖြစ်လည်း သုံးသပ်ကြသည်။

သမ္မတရှီ၏ ဗီယက်နမ်နိုင်ငံခရီးစဉ်က ခြောက်နှစ်တာကာလအတွင်း ၎င်း၏ဗီယက်နမ်သို့ ပထမဆုံးခရီးစဉ်လည်းဖြစ်ခဲ့သည်။ ၎င်းတို့နှစ်နိုင်ငံအကြား စီးပွားရေးအရ အထူးနီးကပ်စွာဆက်ဆံမှုများ ရှိကြသော်လည်း တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်နက်သတ်မှတ်မှုပြဿနာများက နှစ်နိုင်ငံအကြား ထောင်စုနှစ်နှင့်ပင်ချီသော မဖြေရှင်းနိုင်သည့်ပဋိပက္ခများအဖြစ် တည်ရှိနေကြသည်။

ချစ်ကြည်ရေးခရီးမစတင်မီ တရုတ်သမ္မတရှီက “ အာရှရဲ့အနာဂတ်က အာရှတိုက်သားတွေကလွဲလို့ တခြား ဘယ်သူ့ လက်ထဲမှာမှမရှိပါဘူး” ဟု ဗီယက်နမ်ကွန်မြူနစ်ပါတီ သတင်းစာသို့ပြောကြားခဲ့သည်ထို့ပြင် ၎င်းက နှစ်နိုင်ငံအကြား မိမိတို့အနာဂတ်ကို မျှဝေပိုင်ဆိုင်မှုက မဟာဗျူဟာကျသော ထူးခြားထင်ရှားအရေးပါမှု ဖြစ်ကြောင်းနှင့် အမည်မတပ်သော်လည်း အမေရိကန်အား ရည်ညွှန်းပြောဆိုခြင်းဖြစ်သည့် ကမ္ဘာပေါ်တွင် လက်ဝါးကြီးအုပ်ကြီးစိုးလိုမှု မြင့်တက်လာခြင်းကို ဆန့်ကျင်ကြောင်းလည်း ပြောခဲ့သည်။

နှစ်နိုင်ငံအကြားဆက်ဆံရေးများကို မြှင့်တင်ရန်အတွက် ရှီ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်များကို လက်မှတ်ရေးထိုးသွားကြဖွယ်ရှိကြောင်း၊ ၎င်းတို့တွင် ရထားလမ်းများ အဆင့်မြှင့်တိုးချဲ့တည်ဆောက်ရေး၊ ဒစ်ဂျစ်တယ်ဆိုင်ရာ အခြေခံအဆောက်အအုံနှင့် မြေရှားသတ္တုရှာဖွေရေးတို့လည်း ပါဝင်နိုင်ကြောင်း သိရသည်။

နှစ်နိုင်ငံ သဘောတူညီမှုများတွင် ဗီယက်နမ်သို့ တရုတ်နိုင်ငံက ထောက်ပံ့ချေးငွေများလည်းပါဝင်မည် ဖြစ်သော်လည်း ချေးငွေများ၏ပမာဏနှင့် ကာလအတိုင်းအတာတို့ကို ရှင်းလင်းစွာမသိရသေးဟု သတင်းများက ဆိုကြသည်။

Ref——-Reuters

Leave a Reply

Your email address will not be published. Required fields are marked *