October 19, 2024

ကျပ်ငွေတန်ဖိုးကျဆင်းမှုနှင့် ပဋိပက္ခများကျယ်ပြန့်လာခြင်းကြောင့် ကုန်ဈေးနှုန်း ထပ်မံမြင့်တက်လာမည်ဟု ဆို

၁၂. ၁၂. ၂၀၂၃
Written by Ye Kyaw

မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခများဖြစ်ပွားမှု အရှိန်အဟုန် ဆက်လက်မြင့်မားလာခြင်း မရှိလျှင်ပင် လာမည့် ၂၀၂၄ ခုနှစ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးနေဦးမည်ဖြစ်သည့်အပြင် အရှေ့အာရှနိုင်ငံများအနက် ကိုဗစ်ကပ်ရောဂါမတိုင်မီ စီးပွားရေးအခြေအနေသို့ ပြန်မရောက်နိုင်သည့် တစ်ခုတည်းသောနိုင်ငံအဖြစ် ဆက် လက်ရပ်တည်နေကြောင်း ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်‌ရေးနှင့် ကုန်သွယ်မှုကဏ္ဍအပါအဝင် ကုန်ထုတ်ကဏ္ဍများ၌ နှေးကွေးကြန့်ကြာမှုများ ဆက်လက်ကျယ်ပြန့်လာနိုင်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးပမာဏသည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း ဆက်လက်နိမ့်ကျနေဦးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် ဇွန်လအထိ ၁၂ လတာ ကာလအတွင်း စားသုံးကုန်ပစ္စည်းများ တန်ဖိုးသည် ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည့်အပြင် မကြာမီက မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့် ပဋိပက္ခများ ကျယ် ပြန့်လာခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

“စီးပွား‌ရေးအခြေအနေတွေ ဆိုးရွားလာနေပြီး အနာဂတ်အတွက် မသေချာမရေရာမှုတွေကလည်း ပိုပြီး ဆိုးလာပါတယ်။ စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ဝင်ငွေအများစုကို အစားအစာအတွက်သာ သုံးစွဲနေရတဲ့၊ ကုန်ဈေးနှုန်းမြင့်တက်မှု ပိုမြန်တဲ့ ဒေသတွေမှာ နေထိုင်ရတဲ့ အခြေခံလူတန်းစားများကို ပိုပြီး ထိခိုက်စေပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီယားနှင့် လာအိုတို့၏ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က ပြောကြားခဲ့သည်။

အိမ်ထောင်စုဝင်ငွေများ ဆိုးဆိုးရွားရွား ဆက်လက်ကျဆင်းနေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်လယ်တွင် IFPRI က ကောက်ယူခဲ့သည့် စစ်တမ်းအချက်အလက်များအရ အိမ်ထောင်စုများ၏ ၄၀ ရာခိုင်နှုန်းက ယခင်နှစ်ကထက် ဝင်‌ငွေကျဆင်းခဲ့ကြောင်း ဖြေကြားခဲ့ကြသလို ကာလလတ် အမှန်ဝင်ငွေမှာ ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည့်အပြင် စားနပ်ရိက္ခာ ဖူလုံမှုအညွှန်းကိန်းများ ပိုမိုဆိုးရွားလာခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ပဋိပက္ခအခြေ‌အနေများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု အတားအဆီးများ၊ ကျပ်‌ငွေတန်ဖိုး မတည်ငြိမ်မှုနှင့် ငွေကြေးဖောင်းပွမှု အခြေအနေပေါင်းစုံ၏ ရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများအပေါ် အနှုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ကာလတိုအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း အနည်းငယ်သာရှိသည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာဘဏ်၏ တစ်နှစ်လျှင် နှစ်ကြိမ်ထုတ်ပြန်သည့် မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *