October 19, 2024

၁၂. ၁၂. ၂၀၂၃
Written by Pan Ei

တရားမဝင် မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံထဲ မှောင်ခိုပို့ဆောင်မှုနဲ့ အသက် ၂၀ အရွယ် ထိုင်းလူငယ်တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက် ည ၁၀ နာရီခွဲလောက်မှာ အယုဒ္ဓယ အဝေးပြေး ကင်းလှည့် တာဝန်ရှိသူတွေက ဖဟောင်ယိုသင်းလမ်းပေါ်မှာ တားဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာကနေ ထရပ်ကားတစ်စီးကို သတိပြုမိခဲ့ပြီး ရပ်တန့်ခိုင်းဖို့လုပ်ချိန် ကားက မောင်းပြေးမယ့်ပုံလုပ်နေခဲ့ပြီး နောက်မှ ရပ်တန့်ပေးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီကားကို အသက်(၂၀)အရွယ် Pholwat ဆိုသူ မောင်းနှင်လာတာဖြစ်ပြီး ယာဉ်အတွင်းမှာ မြန်မာအလုပ်သမား ၁၂ ဦးပါလာတာကို တာဝန်ရှိသူတွေက တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီမြန်မာအလုပ်သမားတစ်ဦးတစ်ယောက်မှာမှ ခရီးသွားစာရွက်စာတမ်းတွေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရှိမနေခဲ့ဘူးလို့ သိရပါတယ်။

တာဝန်ရှိသူတွေက မေးမြန်းခဲ့ရာမှာ Pholwat ဟာ တာ့ခ်ခရိုင်က မြန်မာအလုပ်သမားတွေကို ခေါ်ကာ ဘန်ကောက်ကို ပို့ဆောင်ဖို​့ မြန်မာအမျိုးသားတစ်ဦးက ငှားရမ်းထားကြောင်း ဝန်ခံခဲ့ပြီး ဒီအလုပ်အတွက် ဘတ်ငွေ ၂၄၀၀၀ ရရှိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ ဒါ့အပြင် သူဟာ ဒီအလုပ်ကိုလုပ်နေတာ လေးကြိမ်ရှိပြီဖြစ်ပြီး ဒီတစ်ခေါက်ကတော့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ပထမဆုံး အကြိမ်ဖြစ်တယ်လို့လည်း ထွက်ဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ဖြားယောင်းခံထားရတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ တရားမဝင်လမ်းကြောင်းကနေ တာ့ခ်ခရိုင် မဲဆောက်မြို့ကိုဖြတ်ပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို အလုပ်သမားတစ်ဦးစီဟာ ခရီးစရိတ်အတွက် ဘတ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ ကြား ပေးဆောင်ခဲ့ရကြောင်းလည်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

အခုလက်ရှိမှာတော့ အာဏာပိုင်တွေက အလုပ်သမားတွေကို နေရပ်ပြန်ပို့ဖို့ ပြင်ဆင်နေပြီး တရားခံကို တရားဥပဒေအရ အရေးယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *