October 23, 2024

MT News

Written by Tha Doe

ရန်ကုန်နှင့် မန္တလေးမြို့များတွင် အနုပညာဗဟိုဌာန အ​ဆောက်အဦများနှင့် စာဆိုဗိမာန် တည်ဆောက်ရန် စတင်ဆောင်ရွက်နေဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ ပြောကြားချက်ကို ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပချိန်တွင် SAC ဥက္ကဋ္ဌက တက်ရောက်ချီးမြှင့်ပေးအပ်ချိန်တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စာပေအနုပညာနယ်ပယ်၌ ခေတ်အဆက်ဆက်က မြန်မာစာပေဖွံ့ဖြိုးရေးနှင့် စာပေအနုပညာရှင် စာရေးဆရာတို့၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က တတ်အားသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ယနေ့အစိုးရလက်ထက်တွင်လည်း အနုပညာနယ်ပယ်အသီးသီးရှိ အနုပညာဖန်တီးမှုလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် “အနုပညာဗဟိုဌာန အဆောက်အဦ (Art Centre)” များနှင့် စာပေလောကသားများ စုစည်းဆောင်ရွက်စေရန်နှင့် မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းများ ထာဝရရှင်သန်စေရန်အတွက် “စာဆိုဗိမာန်”ကိုလည်း တည်ဆောက်ရန် စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်၊ မတ်လတွင် စာပေနှင့် အနုပညာနယ်ပယ်မှ ထူးချွန်သူ ၂၅ ဦး၊ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ၈ ဦးနှင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်က ကျရောက်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့တွင် ၇ ဦးတို့ကို အလင်္ကာကျော်စွာဘွဲ့များ ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ အလင်္ကာကျော်စွာဘွဲ့ကို စာပေနှင့်အနုသုခုမ ပညာရပ်များတွင်ထူးခြား ကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်ခြင်းဖြစ်ကာ လွတ်လပ်ရေးရအပြီး ပါလီမန်ခေတ်ကစ၍ ယနေ့မျက်မှောက်ခေတ်ကာလအထိ အလင်္ကာကျော်စွာ ဘွဲ့ရရှိသူပေါင်း ၆၄ ဦး ရှိပြီဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်များထဲတွင် စာပေပညာရှင်များအဖြစ် တစ်သက်တာစာပေဆုရ ဆရာကြီး၊ ဆရာမကြီး ၁၉ ဦးလည်း အပါအဝင် ဖြစ်ကာ ဆက်လက်၍လည်း ချီးမြှင့်သင့်ချီးမြှင့်ထိုက်သူများကို စဉ်ဆက်မပြတ် ချီးမြှင့်သွားမည်ဟု SAC ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *