October 20, 2024

၁၂. ၁၂. ၂၀၂၃
Written by KL

ထိုင်းနိုင်ငံ ရနောင်းခရိုင်နှင့် နခေါစီထမ်မရတ်ခရိုင်တို့တွင် ဒီဇင်ဘာ ၈ ရက်မှ ၁၀ ရက်နေ့အထိ တရားမဝင် မြန်မာအလုပ်သမား ၁၈ ဦးကို ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းမိခဲ့ကြောင်း ရနောင်းအခြေစိုက် အမှတ် ၂၅ ခြေလျင်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၀ရက် ညနေ ၅ နာရီခန့်က ရနောင်းခရိုင် စုခ်စာမ်ရာမြို့၊ နာခါကျေးရွာအုပ်စု ၅ နယ်မြေတွင် ပစ်ကပ်တစ်စီးကို တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ တရားမဝင် ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား ၅ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဖမ်းမိသောမြန်မာအလုပ်သမားများမှာ စူရတ်ဌာနီခရိုင်တွင် အလုပ်လုပ်ကိုင်ရန်သွားရောက်စဥ် လမ်းခုလတ်၌ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းမိထားသူများကို စုခ်စာမ်ရာ ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ထား​သည်။

အလားတူ ဒီဇင်ဘာ ၈ ရက်က နခေါစီထမ်မရတ်ခရိုင် ဘန်င်ခန်မြို့ လမ်နောင်ဝ်ကျေးရွာ အုပ်စု ၈ နယ်မြေတွင် ဘန်ကောက်-ရနောင်း အဝေးပြေးခရီးသည်ယာဥ်တစ်စီးကို လုံခြုံရေးအဖွဲ့က ရှာဖွေရာ ယာဥ်မောင်းအခန်းတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၅ ဦးနှင့် ခရီးသည်ထိုင်ခုံတွင် ၂ ဦး စုစုပေါင်း ၇ ဦးတို့ကို ဖမ်းမိခဲ့သည်။

ယင်းအပြင် စုခ်စာမ်ရာစစ်ဆေးရေးဂိတ်တွင်လည်း ပစ်ကပ်ကားတစီးပေါ်မှ တရားမဝင်မြန်မာအလုပ်သမား ၆ ဦးကို ဖမ်းမိခဲ့ပြီး ယာဥ်မောင်းမှာ လွတ်မြောက်သွားကြောင်း၊ ဖမ်းမိသူများကို သက်ဆိုင်ရာ ရဲစခန်းများသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ရနောင်းအခြေစိုက် ​အမှတ် ၂၅ ခြေလျင်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *