October 23, 2024

Rosatom နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့အကြား MOU ရေးထိုးနေမှုကို တွေ့ရစဥ်

MT News

Written by Tha Doe

နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စူစမ်းလေ့လာတိုင်းတာမှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ Rosatom ကုမ္ပဏီနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MOU) ကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၂ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၂) (XII International Fourm ATOMEXPO 2022 ) ဒုတိယနေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။

ထို့နောက် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စူစမ်းလေ့လာတိုင်းတာမှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ Rosatom ကုမ္ပဏီနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MOU) ကို လက်မှတ်ရေးထိုးကြသည်။

ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် Sirius Park of Science and Art ရှိ Atom ခန်းမ၌ ပြုလုပ်သည့် မျက်နှာစုံညီအစည်းအဝေး (Plenary Session) တွင် “Nuclear Spring: creating sustainable future” ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုအား တက်ရောက်ဆွေးနွေးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ATOMIC ဖိုရန်ကိုတက်ရောက်ရန် ဖိတ်ကြားပေးသည့် Rosatom ၏ အကြီးအကဲ ဥက္ကဋ္ဌ အလက်ဆီလီကာချော့အား ကျေးဇူးတင်ရှိကြောင်း၊ တည်ဆောက်ပြီး Nuclear Power Plant ၊ Small Scale Hydropower Plant ၊ Wind Power နှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာအတွက် ကျောင်း၊ တက္ကသိုလ်များကို လိုက်လံပြသသည့်အပြင် Nuclear စွမ်းအင်ဆိုင်ရာ လက်မှတ်ရေးထိုးနိုင်သည့် အတွက်လည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် ဦးသောင်းဟန်က မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံနိုင်ရန်အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကမ်းလွန်လုပ်ကွက်များရှိကြောင်း၊ ထို့ပြင် ရေအားအရင်းအမြစ်များ၊ ဆိုလာနှင့် Wind Power ထုတ်လုပ်နိုင်သည့် နေရာများစွာ ရှိသည့်အတွက် စိတ်ပါဝင်စားသူများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ကြားလိုကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်ကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များနှင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ Rosatom နှင့် ပူးပေါင်းပြီး Small Moduler Reactor (SMR) အပြင် အသေးစား ရေအားနှင့် Wind Power များကိုလည်း ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားသည် များစွာ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိနိုင်ရေး အထူးကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ပိုင်းဆိုင်ရာများနှင့် စက်မှုလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြုပ်နှံနိုင်မှုဆိုင်ရာ ကိစ္စရပ်များအား ဖိတ်ခေါ် ပြောကြားခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *