၁၁. ၁၂. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံတွင်၂၀၂၁ ခုနှစ်အတွင်း လူသ-ဖြ-ခံရမှုများ မြင့်တက်လာခဲ့ပြီး လူပေါင်း ၁၅၀၀၀ ကျော် အသ-ခံခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့စည်းတစ်ခုဖြစ်သော မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာရုံး UNODC ၏ကမ္ဘာလုံးဆိုင်ရာ လူသ-မှုများလေ့လာချက်စစ်တမ်း(Global Study on Homicide )တွင် ဖော်ပြထားကြောင်း သိရသည်။
UNODCအဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းက ကမ္ဘာလုံးဆိုင်ရာ လူသ-မှုများလေ့လာချက်စစ်တမ်းကို ထုတ်ပြန်ခဲ့ရာ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းတွင် လူသ-ခံရမှုများကြောင့် လူပေါင်း ၄၄၀၀၀၀ သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်ပွားခြင်းနှင့်အတူ လူမူနိုင်ငံရေးအခက်ခဲများကြောင့် လူသ-ခံရမှုအရေ အတွက်က မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ၊ စီးပွားရေးမလုံခြုံခြင်း၊ တရားဥပဒေစိုးမိုးမှု ရပ်တန့်သွားရခြင်းနှင့် အကျင့်ပျက်လာဘ်စားမှုများကြောင့် သ-ဖြ-မှုနှုန်းများမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့စည်းများရှိနေခြင်းသည် နိုင်ငံမတည်ငြိမ်မှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာစေသော အဓိကအကြောင်းအရင်းဖြစ်နေကြောင်း UNODC ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့အပြင်စစ်လက်နက်ပစ္စည်းများ ရရှိမှု တိုးမြင့်လာခြင်းသည်မြန်မာနိုင်ငံတွင် သတ်ဖြတ်မှုနှုန်းမြင့်တက်လာစေသောအကြောင်းအရင်းတစ်ခုဖြစ်စေခဲ့ကြောင်း သိရသည်။
ထို့အပြင် အာဏာအငြင်းပွားမှုဖြစ်ပွားသော ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်အထိ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရန်အတွက် ကုန်ပစ္စည်းများ၊ လိုအပ်သောပစ္စည်းများနှင့်လက်နက်များတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁ ဘီလျံနီးပါးရှိနေခဲ့ကြောင်းသိရသည်။ မြန်မာလုံခြုံရေးတပ်ဖွဲ့နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခများအပြင် အစိုးရမဟုတ်သောအခြားလက်နက်ကိုင်အဖွဲ့များသည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော လူသတ်မှုများတွင် တိုက်ရိုက်ပါဝင် ပတ်သက်နေကြောင်း UNODC ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လက်နက်ကိုင်အဖွဲ့များကိုယ်တိုင်က စစ်တပ်သတင်းပေးအဖြစ် သံသယရှိသူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများကို သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း ကိုယ်တိုင်ဝန်ခံပြောဆိုထားပြီးဖြစ်သည်။ စီးပွားရေးကောင်းမွန်မှုမရှိခြင်းသည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အတွင်း ရာဇဝတ်မှုကျူးလွန်မှု မြင့်တက်လာခြင်းအတွက် အဓိကအရေးပါသော အခန်းကဏ္ဍတွင်ပါဝင်နေကြောင်း UNODC ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးပြဿနာများနှင့် စီးပွားရေးအခက်အခဲများဖြစ်ခဲ့ရပြီး လူများ၏ရှင်သန်နေထိုင်မှုများ၊ ငွေကြေးအခက်အခဲများလည်းဖြစ်ခဲ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အတွင်း အလုပ်ကိုင်အခွင့်လမ်း ရရှိမှုအရေအတွက်သည် ၈ ရာခိုင်နှုန်းလျော့နည်းခဲ့ပြီး လူပေါင်း ၁ ဒသမ ၆ သန်းခန့် အလုပ်အကိုင်အခက်အခဲများဖြစ်ခဲ့ရကြောင်း သိရသည်။
Ref; UN