၁၁. ၁၂. ၂၀၂၃
Written by Naing Thuta
မန္တလေးမြို့ကျုံးမြောက်ဘက်ရှိ ရေပြင်ထဲတွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ပရဟိတမင်းခေါင် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းနှင့် ၇၈ လမ်းထောင့်အနီးရှိ ကျုံးမြောက်ဘက်ခြမ်းရေပြင်ထဲတွင် ယနေ့(ဒီဇင်ဘာ ၁၁ ရက်) နံနက်ပိုင်းက ရေပေါ် ပေါ်နေသော အသက် ၃၀ ဝန်းကျင်အရွယ်ခန့်ရှိသည့် အမည်မသိ အမျိုးသားတစ်ဦး၏ရုပ်အလောင်းကို နံနက်စောစောတွင်ကျုံးဘေး လမ်းလျှောက်ထွက်သည့် မြို့နေပြည်သူများမှ စတင်တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည့်အတွက် သွားရောက်စစ်ဆေးပြီးနောက် ရုပ်အလောင်းကို ပရဟိတမင်းခေါင် လူမှုကူညီရေးအသင်းမှ ကယ်ဆယ်ရေးအဖွဲ့သားများက ကူညီဆယ်ယူပေးပြီး အသင်းပိုင်လူနာတင်ယာဥ်ဖြင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
” ဒီနေ့ နံနက်စောစောက ကျုံးဘေးမှာ လမ်းလျှောက်နေကြတဲ့ သူတွေက ကျုံးရေပြင်ထဲက အမျိုးသားတစ်ယောက်ရဲ့ အလောင်းတစ်လောင်း ရေပေါ်မှာပေါ်နေတယ်လို့ ဖုန်းဆက်အကြောင်းကြားလို့ အသင်းက သွားရောက်ကယ်ဆယ်ကူညီပေးပြီး ဆေးရုံကြီးကို ပို့ပေးလိုက်တယ်။ ကျန်တာတော့ ရဲတွေ စုံစမ်းစစ်ဆေးနေကြတယ်။ အလောင်းက ဘယ်သူမှန်းမသိသေးဘူး။ ဘာကြောင့်သေတာလဲဆိုတာတော့ ဆေးရုံက ပညာရှင်တွေ အတည်ပြုပြီးမှ သိရမယ်”ဟု သွားရောက်ကူညီရာတွင် ပါဝင်ခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုသည်။