October 23, 2024

MT News

Written by Min Mahar

စစ်ကိုင်းမြို့နယ်ရှိ တိက္ခဇေယျာဘုန်းတော်ကြီး ကျောင်းတိုက်သို့ PDF ဟု ပြောဆိုသည့် လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်ပြီး ငွေကျပ်သိန်း ၃၀၀ နှင့် ကျောင်းတွင်နေထိုင်သည့် အသက်ကြီးအရွယ်အမျိုးသမီးယောဂီ ၄ ဦးထံမှ ဖုန်းများအား ယမန်နေ့နေ့လည်က လုယက်ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် (စစ်ကိုင်းမြို့နှင့်မြောက်ဘက် ၁၄ မိုင်ခန့်အကွာတွင်ရှိသော) ကင်းကျေးရွာရှိ တိက္ခဇေယျာဘုန်းတော်ကြီးကျောင်းတိုက်သို့ နိုဝင်ဘာ၂၃ ရက် နေ့လည် ၁ နာရီကျော်က PDF အဖွဲ့ဟု ဆိုသည့် အမည်မသိလူငယ်လူရွယ် ၈ ဦးတို့မှ ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး သက်တော် ၅၅ နှစ်၊ ဝါတော် ၃၁ ဝါရှိပြီးဖြစ်သော ကျောင်းထိုင်ဆရာတော် သီတင်းသုံးနေထိုင်သည့် အခန်းတံခါးသော့အား ရိုက်ဖွင့်ကာ အခန်းအတွင်းရှိ စားပွဲပေါ်တွင် လက်ဆွဲအိတ်ဖြင့်ထည့်ထားသော ငွေသိန်း ၃၀၀ ကျပ်နှင့် ကျောင်းတွင်နေထိုင်နေသည့် အသက်ကြီးရင့်နေသော ယောဂီ ၄ ဦးထံမှလည်း ဖုန်းတစ်လုံးစီ စုစုပေါင်း ဖုန်း ၄ လုံးကိုပါ လုယက်ယူဆောင်သွားကြပြီး စစ်ကိုင်းမြို့၏ မြောက်ဘက် ၁၅ မိုင်ခန့်အကွာ စစ်ကိုင်းမြို့နယ်၊ အုန်းသဇင်ကျေးရွာဘက်သို့ ထွက်သွားခဲ့ကြကြောင်း သိရသည်။

“နေ့လည်က ဆရာတော်တို့မရှိခင်မှာ အမည်မသိလူငယ်၈ယောက်က ဆိုင်ကယ်၄စီးနဲ့ ရောက်လာပြီး ကျောင်းထိုင်ဆရာတော် အခန်းတံခါးသော့ကိုရိုက်ဖွင့်ပြီး ပိုက်ဆံ သိန်း ၃၀၀ လောက်နဲ့ ကျောင်းမှာနေတဲ့ အသက်ကြီးတဲ့ယောဂီ ၄ ယောက်စီကလည်း ဖုန်းတွေအသီးသီးယူသွားကြတယ်။ အဲဒီယောဂီတွေဆို အသက် ၆၀/၇၀ ကျော်တွေရှိနေကြပြီ။ အရမ်းကြောက်ဖို့ကောင်းတဲ့ ခေတ်ကြီးရောက်နေပါပြီဗျာ။ ဘုရားပစ္စည်း၊ ရဟန်းသံဃာတော်များရဲ့ ပစ္စည်းများလည်းမသိတော့ဘူး။ အကုန်သောင်းကျန်းနေတော့တာပဲ။ လူတွေကိုလည်း ကြက်ကလေးငှက်ကလေးလိုပဲ သတ်နေကြတာ။ နိုင်ငံရေးနဲ့ တော်လှန်းရေးကိုအကြောင်းပြပြီး လုယက်သတ်ဖြတ်နေကြတာပါ”ဟု ဆရာတော်၏ တပည့်ဒါယိကာတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါ တိက္ခဇေယျာကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်နှင့် ဦးပဇ္ဇင်း ၂ ပါးတို့ သီတင်းသုံးနေထိုင်လျက်ရှိပြီး PDF အဖွဲ့များ လုယက် ယူဆောင်သွားချိန်တွင် ဆရာတော်နှင့် ဦးပဇ္ဇင်း၂ ပါးတို့မှာ မန္တလေးမြို့ဘက်သို့ ရောက်ရှိနေချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအခြေအနေအရ သွားရောက်နိုင်ခြင်းမရှိကြသေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *