October 23, 2024

CDM မီးရထားဝန်ထမ်းဦးမင်းမင်းဆွေ၏ ရုပ်အလောင်းကို တွေ့ရစဥ်

MT News

Written by Min Mahar

အမရပူရမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက မီးရထားစက်ရုံ CDM ဝန်ထမ်းတစ်ဦးအား အမျိုးသမီးနှစ်ဦးပါဝင်သော အမည်မသိသေနတ်သမား ၃ ဦးက သေနတ်ဖြင့် ၁၁ ချက်ပစ်ခတ်သတ်ဖြတ်ခဲ့၍ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာအုပ်စု၊ သရက်တန်း‌ကျေးရွာ၊ အေးစေတီဘုရားလေးကုန်းတွင် အသက် ၃၇ နှစ်အရွယ် မီးရထားစက်ရုံ၌ CDM လုပ်ထားသောဝန်ထမ်းတစ်ဦးဆိုသည့် ဦးမင်းမင်းဆွေသည် ၎င်းကျောင်းရှိမီးစက်အား ပြုပြင်နေစဉ်အတွင်း အမည်မသိ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့သည် CZI ဆိုင်ကယ်ဖြင့်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“ဘုန်းကြီးကျောင်းမှာ မီးစက်ပြင်နေတုန်း အမည်မသိတဲ့ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့ရောက်လာပြီး သေနတ်နဲ့ ရက်ရက်စက်စက် ၁၁ ချက်တောင်ပစ်သတ်သွားတာ။ သတ်ခံရတဲ့သူက အရင်မီးရထား စက်ရုံကနေ CDM လုပ်ထားတဲ့သူပါ။ နေ့စဉ်အေးစေတီကျောင်းတိုက်က ကိုရင်လေးတွေ ဆွမ်းခံကြွရင် နောက်ကနေအမြဲလိုက်ပေးနေတဲ့ သူတစ်ဦးပါ။ ကျောင်းရဲ့ဝေယျာဝစ္စတွေကိုလည်း အကုန်လုပ်ပေးတဲ့သူကိုမှ ပစ်သတ်ရတယ်လို့ဗျာ” ဟု ရွာခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါသေနတ်နှင့် ပစ်ခတ်ခံရမှုကြောင့် ဦးမင်းမင်း‌ဆွေ၏ ညာဘက်မျက်ခုံးဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဘယ်ဘက်လည်ပင်းဘေးဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ညာဘက်ရင်အုံဖောက်ဝင်ဒဏ်ရာ (၃) ချက်၊ ဘယ်ဘက်ရင်အုံ‌ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်ပုခုံးဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ (၂) ချက်၊ ညာဘက်လက်ဖျံဖောက်ဝင်ဒဏ်ရာ (၂) ချက် ၊ စုစုပေါင်းသေနတ်ဒဏ်ရာ (၁၁) ချက် အသီးသီးရရှိကာ နေရာတွင်သေဆုံးသွားခဲ့သောကြောင့် အလောင်းအား အေးမြသာယာလူမှုကူညီရေး အသင်းကားဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဦးမင်းမင်းဆွေအား သေနတ်နှင့် ပစ်ခတ်သွားသည့် အမည်မသိ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂) ဦးတို့ကို အမရပူရမြို့နယ်၊ မြစ်ငယ်နယ်မြေရဲစခန်းမှ (ပ)၁၃၄/၂၀၂၂၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၄ ဖြင့် အမှုဖွင့်အရေးယူထားပြီး သက်ဆိုင်ရာအဖွဲ့များမှ လိုက်လံစုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့နှင့် ​နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *