၉. ၁၂. ၂၀၂၃
Translated by Htwe Ko Tun
ရုရှားနိုင်ငံရဲ့ သမ္မတ ဗလာဒီမာ ပူတင်က လာမယ့် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်းမှာ ကျင်းပသွားမယ့် ရုရှားနိုင်ငံရဲ့သမ္မတရွေးကောက်ပွဲမှာ သူ့အနေနဲ့ ငါးကြိမ်မြောက် သမ္မတသက်တမ်းအတွက် ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ဒီဇင်ဘာ ၈ ရက်က ကြေညာချက်ထုတ်ခဲ့ပါတယ်။
ကြေညာချက်အရ သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ပူတင်အနေနဲ့ သမ္မတအဖြစ် ဆက်လက်အရွေးခံရဖွယ်ရှိတာကို နဲနဲလေးမှမေးခွန်းထုတ် သံသယဖြစ်နေစရာမလိုဘူးလို့ အများအပြားက သုံးသပ်ခဲ့ကြပါတယ်။
ပူတင်က ရုရှားနိုင်ငံရေးလောကနဲ့ မီဒီယာတို့မှာလည်း လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်း လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ သူ့ကို ရွေးကောက်ပွဲမှာ အများဆုံးစိန်ခေါ်ယှဉ်ပြိုင်နိုင်သူများဖြစ်ကြတဲ့ အလက်စ် နာဗာလ်နီနဲ့ အီလျာ ရာရှင် တို့လို ထင်ရှားတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေဆိုရင်လည်း အကျဉ်းထောင်ထဲမှာ ရောက်နေကြပါတယ်။ ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲတွေဆိုရင်လည်းပူတင်က သောင်ပြိုကမ်းပြိုနိုင်ခဲ့ တာချည်းပါပဲ။ ဒါပေမယ့် လွတ်လပ်တဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကတော့ သူတို့ကို မဲပေးပွဲသို့ တားမြစ်ခံထားရမှုအပေါ် ကျယ်ပြန့်တဲ့လှည်စားမှုတစ်ခုအဖြစ် ဆိုကြပြန်ပါတယ်။
သမ္မတ ပူတင်ရဲ့ ကြာရှည်လှပြီဖြစ်တဲ့ ပြောရေးဆိုခွင့်ရှိ သူကလည်း ပြီးခဲ့တဲ့သတင်းစာရှင်းပွဲတစ်ခုမှာ သမ္မတပူတင်အနေနဲ့ ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲမှာ ထောက်ခံမဲ ၉၀ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ယူလိမ့်မည် ဖြစ်ကြောင်းပြောခဲ့ပါတယ်။ ရုရှားနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲမှုတွေကို သမ္မတ ပူတင်ကပြုလုပ်ခဲ့ပါတယ်။ ဒါကလည်း သူ့အနေနဲ့ ၂၀၂၄ ခုနှစ်မှာ သမ္မတသက်တမ်းတစ်ကြိမ်ကုန်ဆုံးပြီးရင် နောက်ထပ်ခြောက်နှစ်ကြာသမ္မတသက်တမ်းနှစ်ကြိမ်(ဒါမှမဟုတ်) ဒီထက်ပိုပြီး သမ္မတနေရာ ရယူဖို့ အလားအလာပဲလို့ဆိုကြပါတယ်။ ဒီအတိုင်းမှန်ရင် ပူတင်အနေနဲ့ ၂၀၃၆ ခုနှစ်ထိ သမ္မတရာထူးကို ရယူထားနိုင်မှာပါ။
တကယ်လို့များ ပူတင်က အဲဒီထိသာ သမ္မတအဖြစ်ဆက်လက်တည်ရှိနေခဲ့ရင် သူ့အနေနဲ့ ဆိုဗီယက်ပြည်ထောင်စုကို ၂၉ နှစ်အုပ်ချုပ်ခဲ့တဲ့ စတာလင်ထက်တောင်ပိုလို့ အာဏာရသက်တမ်းရှည်လာမဲ့ ရုရှားနိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်လာမှာပါ။
၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကို မတ်လ ၁၇ ရက်မှာ ရုရှားနိုင်ငံတစ်ဝန်းကျင်းပသွားမှာဖြစ်ပြီး အနိုင်ရသူက မေလမှာ သမ္မတအဖြစ် စတင်တာဝန်ယူမှာပါ။
Ref—–The Guardian