October 19, 2024

၉. ၁၂. ၂၀၂၃
Written by Naing Thuta

ယခုရက်ပိုင်းအတွင်း စက်သုံးဆီ ပြတ်လပ်မှုကြောင့် မန္တလေးမြို့ပေါ်တွင် ဆီဆိုင်တော်တော်များများပိတ်ထားကြပြီး အချို့သောစက်သုံးဆီရောင်းဝယ်ရေးဆိုင်များသာ ရောင်းချပေးနိုင်သည့်အပြင် ပြင်ပစျေးကွက်၌ ဆီဆိုင်ကြီးများမှ ရောင်းချပေးနေသော စျေးနှုန်းထက် ထက်ဝက်နီးပါး အမြတ်တင်ကာ ပြန်လည်ရောင်းချနေကြကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

ယနေ့(ဒီဇင်ဘာ ၉ ရက်နေ့)နေ့လည်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တော်တော်များများ ပိတ်ထားပြီး ၂၆ လမ်းနှင့် မြို့ပတ်လမ်းပေါ်ရှိ LOTUS ဆီဆိုင်၊ ၆၂ လမ်းနှင့် ၆၄ လမ်းကြား၊ ၃၅ လမ်းပေါ်ရှိ REGENCY ဆီဆိုင်၊ ၆၆ လမ်းနှင့် ၆၅ လမ်းကြား၊ ၃၅ လမ်းပေါ်ရှိ Asia Enengy စက်သုံးဆီဆိုင် စသည့် ဆီဆိုင်အချို့သာ ဖွင့်လှစ်ရောင်းချပေးနိုင်ပြီး အခြားသောဆီဆိုင်တော်တော်များများတွင် ဆီများကုန်နေကြောင်း သိရသည်။

ထို့ပြင် ၃၅ လမ်းပေါ်ရှိ ဌေးဌေးကြွယ် ၊ မြပါဝါ စက်သုံးဆီဆိုင်များနှင့် အချို့ဆီဆိုင်များတွင် ဓာတ်ဆီများကုန်သွား၍ မရောင်းချပေးနိုင်သော်လည်း ဒီဇယ်ဆီများရှိသည့်အတွက် ရောင်းချပေးနေကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_1_2023-12-09_15-00-07-1024x1024.jpg

ယနေ့ မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီရောင်းဝယ်ရေးဆိုင်များတွင် 92 တစ်လီတာကို ၂၅၁၅ ကျပ်နှုန်း၊ 95 တစ်လီတာကို ၂၆၂၅ ကျပ်နှုန်း၊ ဒီဇယ်တစ်လီတာကို ၂၂၆၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သော်လည်း ပြင်ပစျေးကွက်၌ 92 တစ်လီတာကို ၄ ထောင်နှင့် ၅ ထောင်ကျပ်ကြား၊ 95 တစ်လီတာကို ၅ ထောင်နှင့် ၆ ထောင်ကျပ်ကြား ပြန်လည်ရောင်းချနေကြောင်း စုံစမ်းသိရှိရသည်။

“၂ ရက်လောက်ရှိပြီး ဆီဆိုင်တွေတော်တော်များများကုန်နေတာ။ ရောင်းပေးတာလည်း ၃ ဆိုင် ၄ ဆိုင်လာက်ပဲရှိတယ်။ ဒါတောင် အနည်းဆုံး နာရီဝက်ကျော် ၄၅ မိနစ် တစ်နာရီလောက်တိုးလိုက်ရတယ်။ ရောင်းပေးတဲ့ဆိုင်တွေမှာလည်း 92 ဆီက လိုသလို ဝယ်လို့ရပေမဲ့ 95 ဆီကျတော့ ၅ ထောင်ဖိုးပဲရောင်းပေးတာ။ ကြားတာတော့ 95 ဆီက ပိုပြတယ်လို့ကြားတယ်။ ဆီဆိုင်တွေမှာ ဆီုင်ကယ်များ ဗူး၊ ပုံးထဲသို့ ဆီတွေမထုတ်ကြပါနဲ့ တွေ့ရင် အစိုးရဌာနမှ အရေးယူမယ်လို့ စာသားကပ်ထားလည်း ဆိုင်နဲ့မလှမ်းမကမ်းမှာ ထုတ်ကြပြီး ပြန်တိုးကြတာပါပဲ။ အပြင်မှာ ဓာတ်ဆီတစ်လီတာကို ၄၅၀၀ ၊ ၅၀၀၀ ကျော် ပြန်ရောင်းနေကြတယ်။ အမှန်တကယ်လိုအပ်တဲ့သူတွေအတွက်ကြ ခက်ခဲတာပေါ့။ ဒီလိုအကုန်ခက်နေတဲ့ချိန်မှာ ဒီလုပ်ရပ်တွေကိုပါ သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်ပါတယ်။ ဘယ်သူသေသေ ငတေမာရင်ဆိုတဲ့စိတ်ဓာတ်တွေကြောင့် တိုင်းပြည်ပို အထိနာနေတာ”ဟု ဆီလာရောက်တိုးပြီး ဝယ်ယူသည့် မြို့ခံတစ်ဦးက ဆိုသည်။

This image has an empty alt attribute; its file name is photo_13_2023-12-09_15-00-07-1024x908.jpg

အဆိုပါဖြစ်စဉ်အား MT News သတင်းဌာနအနေဖြင့် မြေပြင်ကွင်းဆင်းကာ လိုက်လံစုံစမ်းမေးမြန်းကြည့်ရာတွင်လည်း လမ်းဘေးနေရာတော်တော်များများတွင် ဆီဗူးများ၊ ကားအသေးများဖြင့် ရောင်းချနေသော ဆီရောင်းချသူများမှာ 92 ဓာတ်ဆီတစ်လီတာကို ၄၅၀၀ ကျပ်/၅၀၀၀ ကျပ်နှုန်း၊ 92 တစ်လီတာကို ၅ ထောင်နှင့်အထက်ပြန်လည်ရောင်းချနေသည့်အပြင် ဆီဆိုင်များအနီးတစ်ဝိုက်တွင်လည်း မော်တော်ဆိုင်ကယ်များဖြင့် တိုး၍ဝယ်ယူပြီးနောက် ဆိုင်ကယ်ထဲမှ ပြန်ထုတ်ကာ ရေသန့်ဗူးများ၊ ပုံးကြီးများထံ ထည့်ကာ ထပ်မံတိုးယူဝယ်ယူနေပြီး ပြင်ပစျေးကွက်တွင် အထက်ပါစျေးနှုန်းများအတိုင်း ပြန်လည်ရောင်းချနေကြောင်း စုံစမ်းသိရှိခဲ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *