၉. ၁၂. ၂၀၂၃
Translated by Htwe Ko Tun
ဖြစ်တောင့်ဖြစ်ခဲ တွေ့ရခဲလွန်းလှတဲ့ ရောဂါတစ်ခုဖြစ်ပြီး ဆေးပညာအရတော့ Caudal Regression Syndrome လို့ခေါ် ကြတဲ့ ကျောရိုးနဲ့ ကျောရိုးဆိုင်ရာအကြောတွေ ဖွံ့ဖြိုးကြီးထွားမှုမရှိတဲ့ ရောဂါနဲ့ မွေးဖွားလာခဲ့ရလို့ ခန္ဓာကိုယ်အောက်ပိုင်း ခြေထောက်များမပါရှိဘဲ ကြီးပြင်းလာခဲ့ရတဲ့ အမေရိကန် နိုင်ငံသား ဇီယွန် ကလတ်ခ်က အခုအချိန် အသက် ၂၆ နှစ် ရှိတဲ့အခါမှာတော့အမေရိကန် MMA နပန်း အားကစားလောကရဲ့ နပန်းသမားတစ်ယောက်အဖြစ်သာမက အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုလည်းရရှိဖို့ မျှော်မှန်းလာနေပါတယ်။
ကလတ်ခ် အဖို့ ကိုယ်လက်အင်္ဂါမပြည့်စုံမှုက သူ့ရဲ့ဘဝမှာ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေကိုရောက်စေမှာပဲလို့ သာမန်အားဖြင့် ထင်စရာပါ။ ဒါပေမယ့် ဒီအတားအဆီးတွေကိုကျော်ဖြတ်ပြီးတော့ ကလတ်ခ်က ကမ္ဘာ့ ဂင်းနစ်စံချိန်သုံးခုကိုတောင် တင်ပြနိုင်ခဲ့သေးပါတယ်။ ဒါတွေကတော့ ကလတ်ခ် က လက်များဖြင့်သာ မီတာ ၂၀ လမ်းလျှောက်ပြိုင်ပွဲမှာ ၄ ဒသမ ၇၈ စက္ကန့်နဲ့ ကမ္ဘာ့အမြန်ဆုံးစံချိန်တင်နိုင်ခဲ့တာပါ။ ဒုတိယ တစ်ခုအနေနဲ့ Box Jump လို့ခေါ်ကြတဲ့ သေတ္တာအမြင့်အပေါ်ခုန်တက်လေ့ကျင့်ရတဲ့ကစားနည်းမှာဆိုရင်လည်း ကလတ်ခ်က သူ့ရဲ့လက်တွေကိုပဲအသုံးပြုပြီး အမြင့် သုည ဒသမ ၈၃ မီတာ(၃၂ ဒသမ ၆၇ လက်မ) အမြင့်ထိခုန်တက်ပြကာ ဂင်းနစ်စံချိန်တင်ခဲ့ပြန်ပါတယ်။ နောက်ဆုံးတစ်ခုအနေနဲ့ လက်ထောက် မတင် လေ့ကျင့်နည်းမှာလည်း သုံးမိနစ်အတွင်း ၂၄၈ ကြိမ်အထိပြုလုပ်ကာ ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။
ဒီလို ကမ္ဘာ့ ဂင်းနစ်စံချိန်တွေတင်ပြနိုင်ခဲ့ရုံမျှမက ခြေနှစ်ဘက်မပါတဲ့ နပန်းသမား ဇီယွန် ကလတ်ခ်က ခန္ဓာကိုယ်ကျန်းမာသန်စွမ်းတဲ့ ယှဉ်ပြိုင်ဘက်ကို သူ့ရဲ ပထမဆုံးသော MMA ပြိုင်ပွဲဝင်ပွဲမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက အနိုင်ကစားပြနိုင်ခဲ့တာမှာတော့ ဇီယွန် ကလတ်ခ်ကို ကမ္ဘာတစ်ဝန်းက သန်းပေါင်းများ စွာသော ပြည်သူတွေကပါ ဂရုပြုမိလာကြတာပါပဲ။
ဒါမျှမက ဂစ်တာတီး၊ စန္ဒယားတီးစတဲ့ ဝါသနာတွေကိုပါပြုလုပ်လေ့ရှိတဲ့ ကလတ်ခ် က အခုဆိုရင် လာမယ့် ၂၀၂၄ ခုနှစ် ပါရီမြို့ အိုလံပစ်ပြိုင်ပွဲမှာ နပန်းသမားတစ်ယောက်အနေနဲ့အပြင် နိုင်ငံတကာ မသန် စွမ်းသူများအားကစားပြိုင်ပွဲတွေမှာလည်း ဘီးတပ်ကုလားထိုင် အပြေးသမားတစ်ဦးအနေနဲ့ပါ နိုင်ငံကို ကိုယ်စားပြုပြီးယှဉ်ပြိုင်သွားနိုင်ဖို့ ရည်မှန်းချက်ထားကာ ကြိုးစားနေတာ သိရပြန်ပါတယ်။
ဒါနဲ့တင်မကပါဘူး၊ ကလတ်ခ်က သူ့ရဲ့ ပထမဆုံးသော MMA ပွဲမှာ အနိုင်ရခဲ့တာနဲ့တင် ကျေနပ်မနေဘဲ ကမ္ဘာ့ MMA ကြေးစားလောကပြိုင်ပွဲတွေကိုပါ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားနေပြန်ပါတယ်။
ဂင်းနစ်ကမ္ဘာ့စံချိန်သုံးခုပိုင်ရှင်၊ နပန်းသမား၊ MMA ကြေးစားအားကစားသမားဖြစ်လာဖို့ကြိုးပန်းနေသူနဲ့ အိုလံပစ်ပြိုင်ပွဲနဲ့နိုင်ငံတကာ မသန်စွမ်းသူများအားကစား ပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့ပါ မျှော်မှန်းလာတဲ့ ခြေထောက်နှစ်ဖက်မပါတဲ့ လီယွန်ကလတ်ခ်က သူ့ကို အားပေးနေတဲ့ပရိသတ်ကို “ခင်ဗျားတို့ အနေနဲ့ အခွင့်အရေးတစ်ခုရဖို့ ဒီတိုင်း ထိုင်စောင့်နေမှာလား၊ ဒီအခွင့်အရေးအတွက် ကိုယ်တိုင်လိုက် ကြိုးစားကြမှာလား။ ကျွန်တော်ကတော့ ဒီကမ္ဘာမှာ စွမ်းဆောင်နိုင်သူတစ်ယောက်အဖြစ် ခြေရာထင် ကျန်ရစ်စေဖို့ ခြေထောက်နှစ်ဖက်မလိုဘူးဆိုတာ ပြသွား.ချင်ပါတယ်” လို့ တုံ့ပြန်စကားပြောခဲ့ပါတယ်။
Ref——CNN, The News International