ဒီမိုကရေစီကို သံယောင်လိုက်နေသည့် လက်နက်ကိုင်များ အစိုးရဖြစ်စဉ် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို ပစ်ပယ်ကာ တိုင်းရင်းသားအခွင့်အရေးကို လျစ်လျူရှုခဲ့ဟု ပြော
၇. ၁၂. ၂၀၂၃
တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဦးဆောင်ဖော်ဆောင်ပေးခဲ့သည့်အပြင် လက်ရှိအချိန်အထိလည်း ပါတီစုံဒီမိုကရေစီစနစ်ဖြစ်မြောက်ရေးအတွက် အာမခံနိုင်ကြောင်းနှင့် ပါတီစုံဒီမိုကရေစီစနစ်အား သံယောင် လိုက်နေသည့် အဖွဲ့အစည်းမဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။
“ကျွန်တော်ပြောချင်တာက တိုင်းရင်းသားများအနေနဲ့ တိုင်းရင်းသားများ၊ ပြည်သူလူထုများ အလိုရှိတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်အစိုးရက ဦးဆောင်ပြီး ဖော်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုထိ ဒီစနစ်ကို အာမခံတယ်လို့လည်း ပြောထားတာဖြစ်ပါတယ်။ တပ်မတော်အစိုးရသည် တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို သံယောင်လိုက်နေတဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ ဦးဆောင်တည်ထောင်ခဲ့တာဖြစ်သလို ဘယ်လိုဖြေလျှော့မှုတွေလုပ်ရမယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဘယ်လိုဆောင်ရွက်ပေးနိုင်မယ်ဆိုတာ အမြဲတမ်းတွေးတောနေတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
လက်ရှိတွင် လက်နက်ကိုင်လမ်းစဉ်ကို ကျင့်သုံးနေသည့် သောင်းကျန်းသူများသည် ၎င်းတို့ကိုယ်တိုင် အစိုးရဖြစ်စဉ်က တိုင်းရင်းသားအရေးကို မကြည့်ခဲ့ဘဲ အာဏာမရှိတော့မှ ပါတီစုံဒီမိုကရေစီစနစ်ကို သံယောင်လိုက်ကာ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော် ဥပမာတစ်ခုပဲ ထုတ်ပြလိုပါတယ်။ ဒီလူတွေသည် မြန်မာနိုင်ငံမှာ အစိုးရ ၅ နှစ်လုပ်ခဲ့ဖူးပါတယ်။ သူတို့အနေနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုကြောင့်သာ မဲမသမာမှုနဲ့ နိုင်ငံတော်အာဏာကို မတရားရယူလိုမှုကြောင့်သာ ဒီလူတွေသည် လက်နက်ကိုင်လမ်းစဉ်ရွေးပြီး တောထဲရောက်သွားတာဖြစ်ပါတယ်။ သူတို့အစိုးရဖြစ်တုန်းက အခုနိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ ဝန်ကြီးချုပ်များ ခန့်အပ်ခြင်း၊ ဝန်ကြီးချုပ်များ ရွေးချယ်ခြင်း ပုဒ်မ ၂၆၁ နဲ့ ပတ်သက်ပြီး ပြင်ဆင်နိုင်ဖို့ တရားဝင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ကျွန်တော်တို့ ပြောခဲ့ဖူးပါတယ်။ ပုဒ်မ ၂၆၁ ရဲ့ အနှစ်သာရအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်က လွှတ်တော် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေထဲက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို သမ္မတက ခန့်အပ်ရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်လွှတ်တော်က သူတို့ထောက်ခံတဲ့သူကို တင်ချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ လွှတ်တော်ကနေ အများစုထောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ စဉ်းစားသင့်တယ်လို့ ကျွန်တော်တို့ ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အခုဒီမိုကရေစီတို့ ဖက်ဒရယ်တို့ ကြွေးကြော်နေတဲ့ သူများသည် အစိုးရဖြစ်ပါတယ်။ တုတ်တုတ်မျှမလှုပ်ခဲ့ပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။