လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ရုပ်အလောင်းနှင့် တူညီမှုမရှိသည့်အပြင် MNDAA ကလည်း ပဏာမကောက်ချက်ဟုသာဖော်ပြထားသည်ကို လိုရာဆွဲဖြန့်ဝေနေခြင်းဟု သိရ
၇. ၁၂. ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတိုက်ပွဲတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မမှူးအား MNDAA က အသေပစ်သတ်ဖမ်းဆီးခဲ့သည်ဆိုသော သတင်းသည် မဟုတ်မှန်ကြောင်းနှင့် တပ်မမှူးသည် ရှေ့တန်းတွင် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
“ဒီနေ့မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေတဲ့ တပ်မမှူးတစ်ယောက်ကို အသေရရှိတယ်ဆိုပြီးတော့ သတင်းလွှင့်နေတာရှိပါတယ်။ ကျွန်တော့်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်တာကတော့ သူတို့ပြောနေတဲ့ တပ်မမှူးဆိုတာသည် ရှေ့တန်းမှာ စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေရှင်းသည်။
ဒီဇင်ဘာ ၇ ရက် (ယနေ့)တွင် MNDAA က ကိုးကန့်ဒေသတွင် ပုန်းအောင်းနေသော စစ်ကောင်စီတပ်ဖွဲဝင်များကို ပစ်ခတ်နှိမ်နင်းလျက်ရှိရာ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း MNDAA က တရားဝင် သတင်းထုတ်ပြန်ဟုဆိုကာ ခေတ်သစ်မီဒီယာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါမီဒီယာတွင် ဖော်ပြခဲ့မှုမှာ “ဒီဇင်ဘာလ ၆ ရက်နေ့ စစ်ကောင်စီတပ်ဘက်မှ အကြွင်းအကျန်အဖွဲ့ဝင်များကို MNDAA က ဆက်လက်ရှင်းလင်းရာ ပစ်သတ်ခံရပြီး သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ရုပ်အလောင်းတစ်လောင်းတွေ့ရှိရကြောင်း၊ ၎င်းရုပ်အလောင်းပေါ်တွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကိုတွေ့ရှိကာ သေဆုံးသွားသူမှာ စကခ ၁၂ မှ စကခမှူး အောင်ဇော်လင်းဖြစ်သည်ကို အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးချုပ်အောင်ဇော်လင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်ကြောင်း” ဖော်ပြခဲ့ခြင်းဖြစ်သည်။
သို့သော် MNDAA ၏ မီဒီယာက တရားဝင်ဖော်ပြခဲ့မှုမှာ ဗိုလ်မှူးချုပ်အောင်ဇော်လင်းဟု အတည်ပြုခဲ့ခြင်းမဟုတ်ဘဲ ရုပ်အလောင်းပေါ် ဗိုလ်မှူးချုပ်တံဆိပ်တွေ့၍ ဗိုလ်မှူးချုပ်အောင်ဇော်လင်းဟုသာ ပဏာမကောက်ချက်ဟု ဖော်ပြခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းနှင့် ဗိုလ်မှူးချုပ်အောင်ဇော်လင်းပုံဆိုကာ ဖြန့်ဝေနေသည့်ရုပ်ပုံမှာလည်း တူညီမှူမရှိသည်ကို တွေ့ရသည်။