၈. ၁၂. ၂၀၂၃
Written by Ye Kyaw
ဆောင်းရာသီအမီ ကုတ်အင်္ကျီနှင့် ဂျာကင်များကို ပြည်ပနိုင်ငံများမှ အော်ဒါမှာယူမှုများ ရှိနေသဖြင့် ပြည်တွင်းလုပ်ငန်းရှင်များ လိုအပ်သည့် စက်ပစ္စည်းများနှင့် ကုန်ကြမ်းများ တင်သွင်းမှုအတွက် အချိန်နှင့် တစ်ပြေးညီ ရရှိနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက ယနေ့ ပြုလုပ်သည့် တရုတ်-မြန်မာ ပူးပေါင်းပြုလုပ်သည့် မြန်မာ့အထည်လိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ၂၀၂၃ တွင် ပြောကြားခဲ့သည်။
“မကြာသေးခင်ကလည်း ဒီနှစ်ဆောင်းတွင်းအမီ ကုတ်အင်္ကျီမျိုး၊ ဂျာကင်မျိုးတွေကို အော်ဒါအပ်နှံလိုကြောင်း ဆက်သွယ်မေးမြန်းလာတဲ့ အပေါ်မှာလည်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ကနေ တစ်ဆင့် အထည်ချုပ်လုပ်ငန်းတွေကို ချိတ်ဆက်ဆောင်ရွက်ပေးတာတွေလည်း ရှိပါတယ်။ ဂျာကင်အော်ဒါအသစ်တွေ ချုပ်လုပ်တဲ့အခါမှာ လိုအပ်တဲ့ စက်ပစ္စည်းအသစ်တွေ တင်သွင်းဖို့ လိုအပ်လာလို့ရှိရင်လည်း အချိန်နဲ့တစ်ပြေးညီ ဒါတွေလုပ်ငန်းတွေကို ပြည့်ပြည့်စုံစုံတင်ပြနိုင်လို့ရှိရင်တော့ ဒါတွေကို စည်းမျဉ်းစည်းကမ်းနဲ့အညီလည်း ကျွန်တော်တို့ ဆောင်ရွက်နိုင်ဖို့အတွက်ကို ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု ဦးမင်းမင်းက ပြောသည်။
မြန်မာ့အထည်ချုပ်လုပ်ငန်းများသို့ လုပ်ငန်းအပ်နှံသည့် နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံမှတစ်ဆင့် အဓိကကုန်ကြမ်း တင်သွင်းနေသောကြောင့် အထည်ချုပ်ကဏ္ဍအတွက် တင်သွင်းသည့် ကုန်ကြမ်းပမာဏ၏ ရာခိုင်နှုန်း ၉၀ ကျော်ကို တရုတ်နိုင်ငံမှ တင်သွင်းနေခြင်းဖြစ်ကြောင်းနှင့် လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ် (ချုပ်ပြီးအထည်)များကို နိုင်ငံပေါင်း ၈၀ ကျော်သို့ အဓိကတင်ပို့လျက်ရှိကြောင်း ဒုဝန်ကြီးဦးမင်းမင်းက ပြောသည်။
“လက်ရှိဘဏ္ဍာနှစ်မှာလည်း နိုင်ငံပေါင်း ၈၀ ကျော်ကို အဓိကထားပြီးတော့ တင်ပို့လျက်ရှိပါတယ်။ ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီးယား၊ UK၊ နယ်သာလန်၊ အီတလီ၊ USA၊ ပြင်သစ်၊ ဒိန်းမတ်နဲ့ ဘယ်လ်ဂျီယံတို့ဟာဆိုရင် အဓိက တင်ပို့တဲ့ ဈေးကွက်များဖြစ်ပါတယ်” ဟု ဒုဝန်ကြီးဦးမင်းမင်းက ပြောသည်။
မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် CMP လုပ်ငန်းများအနက် အထည်ချုပ်ကဏ္ဍသည် ပို့ကုန်တင်ပို့မှုဝင်ငွေ အများဆုံးရရှိခြင်းဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံပေါင်း ၁၀၀ ကျော်သို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၅ ဒသမ ၃ ဘီလျံအထိ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။