၈. ၁၂. ၂၀၂၃
Written By Pyi Thu
ကရင်နီဒေသမှ သောင်းဂဏန်းကျော်သော စစ်ရှောင်များအား ကျွေးမွေးကူညီနိုင်ရေး ဂျပန်နီပွန်ဖောင်ဒေးရှင်း ထောက်ပံ့မှုကို စောင့်ဆိုင်းနေရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက MT News ကို ပြောသည်။
“ကယားပြည်နယ်စစ်ရှောင်လာတာတွေ PNLO ရဲ့အခြေပြုဒေသကိုရောက်လာတာ လူဦးရေ ၁၀၀၀၀ ကျော်လောက်ရှိတယ်။ အဲဒီလူတွေကို ကျွန်တော်တို့ရသလောက်နဲ့ ရိက္ခာကိုဝယ်ပြီးတော့ ကူညီရတာပေါ့။ နောက်ပြီးတော့ ရန်ပုံငွေက နီပွန်ဖောင်ဒေးရှင်းက ကြားဖြတ်ရတာလေးနဲ့ဝယ်တာ။ ဒါလည်းမရပါဘူး ရေရှည်မှာက။ သိန်း ၄၀၊ သိန်း ၅၀ တစ်လတည်းနဲ့ကုန်တာပဲ။ နောက်ထပ် နီပွန်က ငွေထပ်ရဖို့စီစဉ်ထားပါတယ်။ လောလောဆယ်ဒီဇင်ဘာလောက်မှ ရမယ်ဆိုတော့ကြံဖန်ပြီးတော့ရှာကြည့်ရမှာပေါ့”ဟု ယင်းကပြောသည်။
ကယားပြည်နယ်(ကရင်နီပြည်နယ်)မှ စစ်ပြေးနှင့် စစ်ရှောင်လာသူများအနေဖြင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ အခြေပြုဒေသများတွင် လာရောက် ခိုလှုံနိုင်ကြောင်းနှင့် ကူညီပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) က ထုတ်ပြန်ထားသည်။
PNLO အနေနှင့် စစ်ပြေး၊ စစ်ရှောင်များကို လုံခြုံရေး၊ စားဝတ်နေရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို NCA ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အတတ်နိုင်ဆုံး ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း နှင့် “ကူညီကယ်ဆယ်ရေးအဖွဲ့” ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းအပြင် ပအိုဝ်း ဒေသခံများအနေဖြင့်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထား၍ ပအိုဝ်းဒေသသို့ ရောက်ရှိလာသော စစ်ပြေး၊ စစ်ရှောင်များအား လူသားချင်းစာနာ ထောက်ထားခြင်းဆိုင်ရာအကူအညီများကို တတ်အားသ၍ ဝိုင်းဝန်းကူညီပေးကြရန်လည်း နှိုးဆော်ထားကြောင်း သိရသည်။
စစ်ရှောင်များအနေဖြင့် PNLO ၏ ဒေသဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ် မြို့နယ်အတွင်း ကဒူး ကြီးဒေသနှင့် ပွန်ချောင်းတစ်ဝိုက်တွင်ရှောင်နေကြရကြောင်းလည်း သိရသည်။
“အစပိုင်းကတော့ စစ်ရှောင်တွေက အုံလိုက်ကျင်းလိုက် ရောက်လာကြတယ်။ အခုကတော့ ဖြေးဖြေးချင်းပဲ ရောက်လာကြတော့တာပါ။ လူက များလာတာကြောင့် ကျန်းမာရေးကိစ္စတွေကို ဂရုစိုက်ပြီး လုပ်ဆောင်နေပါ တယ်”ဟု ဆီဆိုင်မြို့နယ် PNLO ဆက်ဆံရေးရုံး တာဝန်ခံ ဆရာခွန်ထွန်းက MT News ကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်မှစ၍ ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ပတ်ဝန်းကျင်တွင် KNDF အပါအဝင် လက်နက်ကိုင်အင်အားစုများနှင့် တပ်မတော်တို့အကြားတိုက်ပွဲ အရှိန်အဟုန် ပြင်းထန်ခဲ့ရာ မည်သည့်ဘက်မှမပါသည့် လက်နက်မဲ့တိုင်းရင်းသားပြည်သူအများအပြား ရှမ်းပြည်နယ် အတွင်းသို့ စစ်ဘေးရှောင်လာကြသည်ကို တွေ့ရှိရကြောင်း သိရသည်။
ပုံစာ။ စစ်ဘေးရှောင်ပြည်သူများကို တွေ့ရစဥ် ( ဓာတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်)