၈. ၁၂, ၂၀၂၃
Written by Ye Kyaw
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းရှင်များ ခင်းကျင်းပြသသည့် မြန်မာ့အထည်လိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၃ အား ရန်ကုန်မြို့ရှိ Inya Lake Hotel Yangon Convention Center (YCC) တွင် ယနေ့မှစပြီး သုံးရက်တိတိ ကျင်းပလျက်ရှိသည်။
“လုပ်သားဦးရေ ၅၀၀,၀၀၀ လောက်ကို အလုပ်အကိုင်ဖန်တီးပေးနေတဲ့ အထည်ချုပ်နဲ့ အထည်အလိပ် ကဏ္ဍကြီးအတွက်ကို ဖောက်သည်အသစ်ရှာဖွေရေး၊ နည်းပညာ၊ ဆန်းသစ်တီထွင်ရေးနဲ့ စက်ပစ္စည်းများ ရရှိခြင်းအတွက်ကို အခုလိုပြပွဲကြီးတွေ ကျင်းပပေးတာဟာ မရှိမဖြစ် လိုအပ်နေတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်” ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားသည်။
ဒီဇင်ဘာ ၈ မှ ၁၀ ရက်အထိ ပြုလုပ်သွားမည့် အဆိုပါ ကုန်စည်ပြပွဲအား တရုတ်နိုင်ငံမှ အမှတ်တံဆိပ် ၂၈ ခု၊ အထည်အလိပ်နှင့် အဝတ်အထည်၊ ဖိနပ်နှင့် အိတ်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ အဝတ်အထည်ဆိုင်ရာ စက်ပစ္စည်းများကို ပြခန်းများဖြင့် ပြသခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်းများအသင်းနှင့် မြန်မာနိုင်ငံရှိ ပြည်ပအထည်ချုပ်လုပ်ငန်းရှင် အသင်းများဖြစ်ကြသော ကိုရီးယား (KOGAM)၊ ဂျပန် (JEMA)၊ ဟောင်ကောင် (HKMMA)တို့ မှ အသင်းဝင် CMP စက်ရုံများမှ သက်ဆိုင်ရာ ပြခန်းများတွင် ခင်းကျင်းပြသခဲ့ကြပြီး ၎င်းစက်ရုံများမှလည်း EU၊ Japan Brand နှင့် အခြားနိုင်ငံတကာ Brand ဖြစ်ကြသော Made in Myanmar နိုင်ငံတကာ ထုတ်ကုန် အဝတ်အထည်များကို ပြသခဲ့ကြောင်း သိရသည်။
ဥရောပနှင့် အမေရိကန်အထိ ထိုးဖောက်နိုင်သည့် ကမ္ဘာကျော် တရုတ်အမှတ်တံဆိပ် လုပ်ငန်းများကို ဖိတ်ခေါ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကမ္ဘာကျော် တရုတ်အမှတ်တံဆိပ်များမှ လုပ်ငန်းရှင်ပေါင်း ၂၀ ကျော် လာရောက်ပြသခဲ့ခြင်းဖြစ်ကာ ယခင်မျှော်မှန်းထားသည့် ပြခန်းပေါင်း အရေအတွက်ထက်လည်း ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
“တော်တော်အောင်မြင်တဲ့ပွဲလို့ ပြောရမှာ။ အခန်း ၁၅၀ လောက်က ပြည့်သွားပါတယ်။ ပထမရည်ရွယ်တုန်းက ၁၀၀ နဲ့ ၁၂၀ လောက်ပဲ ရည်ရွယ်ခဲ့တာပါ။ အများကြီးလိုချင်တော့ ၁၅၀ မှာ အခန်းက ထပ်ချဲ့လို့မရတော့ပါဘူး” ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။