October 19, 2024

၈. ၁၂. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တက္ကသိုလ်တက်ရောက်နေတဲ့ မြန်မာအမျိုးသမီး တစ်ဦးဆီကနေ ဘတ်ငွေ သန်း ၂၀ ကျော်ကို သူမရဲ့ အတူနေရည်းစားဖြစ်သူ အီရန်လက်ဝှေ့သမားတစ်ဦးက ခိုးယူသွားမှု မကြာသေးမီရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ငွေတွေ အခိုးခံရသူမှာ အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသမီး နန်းမွေလှိုင်ဆိုသူဖြစ်ပြီး သူမဟာ ဖရာခနုံ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ကာ သူမရဲ့ငွေတွေခိုးယူသွားသူ အသက် ၂၁ နှစ်အရွယ် အီရန်လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ Maleki Behnam နဲ့ သူမတို့က တွဲတာ ၅ လလောက် ကြာပြီလို့လည်း သိရပါတယ်။

သူမရဲ့ ခိုးယူခံလိုက်ရတဲ့ ဘတ် သန်း ၂၀ ကျော်ရှိတဲ့ ပိုင်ဆိုင်မှုတွေဟာ ဘန်ကောက်မှာ သူမ တက္ကသိုလ်ပညာသင်ကြားရေးနဲ့ စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်ဖို့တို့အတွက် မိသားစုက ထောက်ပံ့ထားတာတွေဖြစ်တာကြောင့် သူမဟာ စိတ်ဖိစီးမှုများပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့တောင် ကြိုးပမ်းခဲ့တယ်လို့ မြန်မာအမျိုးသမီးရဲ့ မောင်ဖြစ်သူက ပြောပါတယ်။

မြန်မာအမျိုးသမီး နန်းမွေလှိုင်နဲ့ အီရန်အမျိုးသားတို့ဟာ ဆုခွမ်ဗစ်လမ်း ၅၀ ရှိ ကွန်ဒိုမှာ အတူနေထိုင်ခဲ့ကြခြင်းဖြစ်ကာ သူမဟာ သူမ ချစ်သူကို ယုံကြည်တာကြောင့် အခန်းထဲက မီးခံသေတ္တာစကားဝှက်တွေအကုန်လုံးကို ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အီရန်အမျိုးသားကတော့ သူမကို ဆေးထည့်ထားတယ်လို့ ယူဆရတဲ့ ဒိန်ချဉ်ကျွေးခဲ့ပြီး သူမအိပ်ပျော်နေချိန် ပစ္စည်းတွေယူဆောင်ပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကာ ပျောက်ဆုံးနေတဲ့ ပစ္စည်းတွေကတော့ Iphone နှစ်လုံး၊ တက်ဘလက်တစ်လုံး၊ ဘတ် ၆၀၀,၀၀၀ တန် Rolex နာရီတစ်လုံး၊ ဒီဇိုင်နာအိတ်တစ်လုံး၊ ကွန်ဒိုသော့ကတ်တစ်ခု၊ ငွေသား ဘတ် ၄၁၀,၀၀၀ အပါအဝင် စုစုပေါင်း ဘတ်ငွေ သန်း ၂o ကျော်ရှိတယ်လို့ သိရပါတယ်။

ထိုင်းရဲအရာရှိတွေကတော့ ထိုင်းနိုင်ငံက ထွက်ပြေးသွားတဲ့ Behnam ကို စစ်ဆေးမေးမြန်းဖို့နဲ့ တရားဥပဒေအရ အရေးယူဖို့ အင်တာပိုရဲတွေနဲ့ ညှိနှိုင်းဖို့ စီစဉ်ခဲ့တယ်လို့ သိရပြီး Behnam ရဲ့ ခရီးစဉ် ဦးတည်ရာကိုတော့ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *