October 23, 2024

အရှိန်လွန်တိမ်းမှောက်သည့်ယာဥ်နှင့် ကူညီကယ်တင်နေမှုများကို တွေ့ရစဥ် (Photo: MFSD & Bagan Rescue)

၂၃. ၁၁. ၂၀၂၂
Written by Hey Mar

ကလေးမီးဖွားမည့် လူနာကို ဆေးရုံသို့ အမြန်ပို့ဆောင်ရာမှ အရှိန်လွန်မောင်းနှင်မှုကြောင့် ယာဥ်တိမ်းမှောက်ကာ အမျိုးသမီးသုံးဦးသေဆုံးမှု မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၇/၅) အနီးတွင် ယနေ့မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း ပုဂံမြို့ သက်တော်ရှည်ပရဟိတအသင်း တာဝန်ရှိသူကို MT News မှ မေးမြန်းစုံစမ်းမှုအရ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၃)ဦး စုစုပေါင်း (၅)ဦးအနက် မ(၂)ဦး(သေဆုံး)ခဲ့ပြီး ၊ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကိုယ်ဝန်ဆောင်မွေးလူနာ မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ဖြစ်ပွားခဲ့သလို အရှိန်လွန်တိမ်းမှောက်သည်ယာဥ်နှင့် တိုက်မိကာ သေဆုံးခဲ့သည့် ဆိုင်ကယ်စီးလာသူ အမျိုးသမီးတို့အား တောင်ဇင်းမေတ္တာရှင် လူမှုကူညီရေးအသင်း၊ Bagan Rescue အသင်းနှင့် အမှတ်(၅) အရန်မီးသတ်တို့မှ သူနာတင်ယာဉ်များဖြင့် ညောင်ဦးမြို့နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“မွေးလူနာပါတော့ ကားက အရှိန်နဲ့မောင်းရာက အကွေ့မှာ လမ်းဘေးထွက်ပြီး မြေကြီးလမ်းထဲရောက်သွားတာ။ အဲဒါကို ပြန်ဆွဲအတက်မှာ တစ်ဖက်ယာဥ်ကြောက အမျိုးသမီးတစ်ဦးမောင်းလာတဲ့ ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင်တိုက်မိပြီး ကားက ဒလိမ့်ခေါက်ကွေး မှောက်သွားတာ။ ကားပေါ်ပါ အမျိုးသမီး ၂ ဦးနဲ့ ဆိုင်ကယ်စီးတဲ့ အမျိုးသမီးတစ်ဦး ဆုံးတယ်။ မွေးလူနာကလည်း အခုလက်ရှိဆေးရုံတင်ပို့ထားပါတယ်”ဟု သက်တော်ရှည် ပရဟိတအသင်း (ပုဂံ) မှ တာဝန်ရှိသူက MT News ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာသို ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *