October 23, 2024

၂၃. ၁၁. ၂၀၂၂
Written by Nay Moe

၂၀၂၂ ခုနှစ်အတွင်း အောင်ပွဲရရှိရန် မျှော်လင့်ထားသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်တို ယမန်နှစ်က ပြောထားခဲ့သော်လည်း လက်ရှိအခြေအနေနှင့် ပတ်သက်ပြီးတော်လှန်ရေးအနှေးအမြန်မှာ မိမိ စိတ်ဆန္ဒအပေါ်  စီမံဆောင်ရွက်နိုင်ခြင်းမဟုတ်ဘဲ မဟာမိတ်တည်ဆောက်မှု၊ တပ်မတော်ဖွဲ့စည်းမှု၊ လက်နက်တပ်ဆင်မှုများမှာ စိတ်ရှိတိုင်းမမြန်နိုင်ဟု ဦးရည်မွန် ယနေ့တွင် NUG ၏ ရေဒီယိုအသံလွှင့်အစီအစဥ်မှတစ်ဆင့် PDF များသို့ ပြောသည်။

“အရေးကြီးတာက ငါတို့ရဲဘော်တွေအနေနဲ့ ကိုယ့်တော်လှန်ရေးရဲ့ လာရာနဲ့လာရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ပဲ။ ဒီတော်လှန်ရေးနှေးသလား၊ မြန်သလား စောင့်ကြည့်ဝေဖန်နေသူတွေလည်း ရှိတယ်။ အားလုံးကတော့ အမြန်ဆုံး အောင်ပွဲနဲ့တော်လှန်ရေးကို အဆုံးသတ်ချင်သူတွေချည်းပဲ။ တော်လှန်ရေးအနှေးအမြန် ဆိုတာ မိမိရဲ့ စိတ်ဆန္ဒတစ်ခုတည်းပေါ်မှာ စီမံဆောင်ရွက်လို့ရတာမျိုး မဟုတ်ဘူး။ မဟာမိတ်တည်ဆောက်မှု၊ တပ်မတော်ဖွဲ့စည်းမှု၊ လက်နက်တပ်ဆင်မှုဆိုတာတွေက စိတ်ရှိတိုင်းမမြန်နိုင်ဘူး။ မိမိအင်အား၊ ရန်သူ့အင်အား၊ ပြည်တွင်းအခြေအနေ၊ နိုင်ငံတကာအခြေအနေ၊ ကိုယ့်ပြည်သူလူထုအခြေအနေ ဘက်ပေါင်းစုံကို စဥ်းစား ချင့်ချိန်ကြရမယ်။ ပြီးရင် ကိုယ့်အင်အား၊ ကိုယ့်အရင်းအမြစ်ကို စုစည်းပြီး အကောင်းဆုံးနဲ့အထိရောက်ဆုံး တော်လှန်စစ်ကို ဆင်နွှဲကြဖို့ ဖြစ်တယ်။ ခြေလှမ်းနှေးတာ၊ မြန်တာထက် ခြေလှမ်းမမှားဖို့က ပိုအရေးကြီးတယ်။ တည်တည်ငြိမ်ငြိမ်၊ ခေါင်းအေးအေးထားပြီး ခြေလှမ်းမှန်မှန်လှမ်းနိုင်ရင် ပန်းတိုင်ဟာ တစ်နေ့ထက်တစ်နေ့ နီးလာမယ်။ တော်လှန်ရေး လမ်းမလွဲဖို့၊ တော်လှန်ရေး လမ်းမချော်ဖို့ဆိုရင် ကိုယ့်အချင်းချင်းစိတ်ဝမ်းမကွဲရေး၊ နားလည်မှုရှိရေးဟာ အင်မတန်အရေးကြီးတယ်” ဟု ဦးရည်မွန်က ပြောသည်။

လက်ရှိအချိန်တွင် အညာဒေသမှ လူထုသပိတ်တိုက်ပွဲမှာ မုံရွာလို မြို့ကြီးများ၏ လမ်းမပေါ် ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ထိုအချက်မှာ နယ်မြေစိုးမိုးထိန်းချုပ်နိုင်စွမ်း ဘယ်လောက်ရှိနေပြီဆိုသည်ကို ဖော်ပြနေခြင်းဖြစ်သည်ဟုလည်း ဦးရည်မွန်က ဆိုသည်။ ထိုအခြေအနေများကြောင့် PDF တပ်များသည်လည်း စစ်ရည်စစ်သွေးပြည့်ဝပြီး Chain of Command ရှိသော Code of Conduct ကို လေးစားလိုက်နာသော Professional တပ်ဖြစ်အောင် တစ်နေ့ပြီး တစ်နေ့ ကြိုးပမ်းတည်ဆောက်ကြရမည်ဟုလည်း ဦးရည်မွန်ကထပ်မံပြောသည်။

ထို့ပြင် နိုင်ငံခြားသားအကျဥ်းသားများအပါအဝင် အဂတိမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် NLD အစိုးရအဖွဲ့ဝင်ဟောင်းဝန်ကြီးများ၊ SAC ထံ အသနားခံသဖြင့် လွှတ်ပေးခဲ့သည့် NLD ပါတီ၏ UEC အဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်လာခြင်းမှာလည်း နိုင်ငံတကာဖိအားများကို လျှော့ချရန်ဖြစ်သည်ဟုလည်း ဦးရည်မွန်က သူ့ယူဆချက်ကိုပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *