October 23, 2024

၂၃-၁၁-၂၀၂၂
Written by Nay Moe

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မြေပြင်စာရင်းကောက်ခံမှုများအရ မြန်မာ့လူဦးရေ ၆၁ ဒသမ ၂ သန်းကျော်အထိ ရှိနေသည်ဟု ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားပြီး ၂၀၁၄ သန်းခေါင်စာရင်း ခန့်မှန်းလူဦးရေနှင့် တွက်ချက်သည့် လူပမာဏထက် ၅ သန်းကျော် ပိုမိုများပြားနေသည်ဟုလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန Website တွင် ဖော်ပြထားသည့် တွက်ချက်ထားမှုအရ သိရသည်။

နိုဝင်ဘာ ၂၂ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အစည်းအဝေးတွင် ကော်မရှင်ဥက္ကဌ ဦးသိန်းစိုးက မြေပြင်တိုက်ဆိုင်စစ်ဆေးမှုမှ ရရှိသည့်လူဦးရေ စုစုပေါင်းမှာ မူလ Pilot Project ပြုလုပ်စဉ်က ၆၁၀၆၉၀၀၈ ဦး (၆၁ ဒသမ ၀၇ သန်းခန့်)ဖြစ်ပြီး စက်တင်ဘာလတွင် ကျန်ရှိသော ရပ်ကွက်/ ကျေးရွာအုပ်စုများ ထပ်မံပါဝင်လာခဲ့သည့်အတွက် ၆၁၂၁၄၀၉၉ ဦး (၆၁ ဒသမ ၂၁၄ သန်းကျော်)ရှိလာပြီဖြစ်ကြောင်း၊ ယင်းစာရင်းများသည် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ စာရင်းနှစ်ခုပေါင်းဖြစ်ကြောင်း ပြောသည်။

ထို့ပြင် လစဉ်လူဦးရေစာရင်း အတိုးအလျော့များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများအရ အောက်တိုဘာလအထိ ရရှိသောအချက်အလက်များမှာ ဥပဒေနှင့်အညီနေထိုင်သူဦးရေ ၄၁၆၀၉၂၁၈ ဦး (၄၁ ဒသမ ၆ သန်း) နိုင်ကတ်ရှိသူဦးရေ ၂၉၂၈၄၉၀၉ ဦး (၂၉ ဒသမ ၃ သန်း)၊ ၁၈ နှစ်အထက်အောက်များအပါအဝင် နိုင်ကတ်မရှိသူဦးရေ ၁၂၁၆၃၇၂၃ ဦး (၁၂ ဒသမ ၂ သန်း)၊ သေဆုံးသူ စုစုပေါင်း ၇၈၅၀၀၇ ဦး၊ နိုင်ကတ် (၂) ကြိမ်ထပ်မှ လျှော့နိုင်သည့်ဦးရေ ၁၀၅၇၁၂ ဦး၊ နိုင်ကတ် (၃) ကြိမ်ထပ်မှ လျှော့နိုင်သည့်ဦးရေ၊ ၁၀၂၄၉၊ နိုင်ကတ်ထပ်မှ အသစ်ပြုလုပ်သည့်ဦးရေ ၆၅၉၄ ဦး၊ လဝက လက်ကျန်စာရင်းမှ ထပ်မံဖြည့်သွင်းသည့်ဦးရေ ၃၆၀၅၇၆ ဦး ရှိခဲ့ပြီး အချက်အလက်ပြင်ဆင်မှုပေါင်း ၁၅၆၇၅၉၄ ခု ရှိခဲ့သည်ဟု ဦးသိန်းဆွေက ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ယနေ့အထိ မြန်မာ့လူဦးရေခန့်မှန်းစာရင်းမှာ ၅၅၈၄၁၀၉၇ ဦးဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာန Website တွင် ဖော်ပြထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မြေပြင်ကောက်ခံမှုစာရင်းက ၅၃၇၃၀၀၂ ဦး (နိုဝင်ဘာ ၂၃ ရက် နေ့လယ် ၁ နာရီ ၁၁ မိနစ်အထိ စာရင်း) ပိုမိုများပြားနေသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *