၂၃. ၁၁. ၂၀၂၂
Written by Thi Ha
မြန်မာ့မျိုးရင်း မြွေမျိုးစိတ်ဖြစ်သည့် သွေးစပါးအုံးအမျိုးအစားမြွေမျိုးစိတ်သည် မြန်မာနိုင်ငံတွင် အကောင်ရေ ရာဂဏန်း မပြည့်တော့သည့် မျိုးစိတ်တစ်ခုဖြစ်ပြီး အလျှင်အမြန် ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်းနှင့် အဆိုပါ မြွေတစ်ကောင်ကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့ သာဓုကန် ဘုရားဝန်းအတွင်းရောက်ရှိနေကြောင်းသိရှိရသဖြင့် သဘာဝအတိုင်း ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ပရဟိတအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း Wild Life Of Myanmar အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သူ ကိုတိုးအောင်က MT News သို့ ပြောသည်။
မြွေသတ္တဝါ ဆိုသည်မှာ သားရိုင်းတိရစ္ဆာန်မျိုးနွယ်ဝင်ဖြစ်သည့်အတွက် လှောင်ပိတ်သည့်နည်းနှင့် ထိန်းသိမ်းထားမှုမှာ ၎င်းတို့ ၏ သက်တမ်းကိုတိုစေနိုင်ပြီး၊ သဘာ၀အတိုင်း ရှင်သန်ပေါက်ဖွားမှသာ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ပိုမိုအကျိုး ရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
“သွေးစပါးအုံးမြွေက မြန်မာ့မျိုးရင်း။ မြန်မာနိုင်ငံမှာလည်း ရှားပါးမျိုးစိတ်မို့ ထိန်းသိမ်းသင့်သလို သွေးစပါးအုံးရယ်မှ မဟုတ် ဘူး။ သဘာဝအတိုင်း ထိန်းသိမ်းတာနဲ့ အယူအဆတစ်ခုကြောင့် ထိမ်းသိမ်းတာမတူဘူး။ လှောင်ပိတ်ပြီး သဘာဝနဲ့ ဆန့်ကျင် လှောင်ပိတ်ခံရတဲ့ မြွေတွေ ထိန်းသိမ်းပုံခြင်း မတူပါဘူး၊ ကျွန်တော်တို့ ဘာကိုမှ ပုပ်ခတ်လိုခြင်းမရှိပါဘူး။ ထိန်းသိမ်း စောင့်ရှောက်ချင်တာပါ။ ပရဟိတအဖွဲ့တွေအနေနဲ့ ဒီလို ရှားပါးမျိုးစိတ်တွေ့တဲ့အခါ အလှုခံပါတယ်။ လိုအပ်ရင် ဝယ်ပါတယ်။ ဒါပေမယ့် မအောင်မြင်သေးပါဘူး” ဟု ကိုတိုးအောင်က သူကြုံတွေ့ရသည့် အခြေအနေကို MT News သို့ ပြောသည်။
သွေးစပါးအုံးမြွေ အမျိုးအစား၏ ပုံသဏ္ဍာန်မှာ စပါးအုံးမြွေ၏ခေါင်း မြွေပွေး၏ အကွက်နှင့် အလားသဏ္ဍာန်တူနေပြီး တိုပြီး တုတ်သည့်အတွက် စပါးအုံးနှင့် မြွေပွေး အစပ်ပေါက်သည့် အဆိပ်ရှိမြွေထင်ကာ အသတ်ခံရသည်က များသည်ဟု သိရသည်။
လက်ရှိကာလဖြစ်သည့် နိုဝင်ဘာ၊ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလများအထိသည် မြွေများ မိတ်လိုက်ရာသီဖြစ်သည်ဟု မြွေ သဘာဝအကြောင်း တတ်သိနားလည်သူများမှ ရှင်းပြသည်။ ထို့ကြောင့် မြို့ပြ လူနေအိမ်ခြေများအတွင်းတွင်လည်းကောင်း မြွေဝင်သည့်ဖြစ်စဥ်များ၊ မြွေဖမ်းပေးသည့် အဖွဲ့အစည်းများကို မကြာမခဏ အကူအညီတောင်းခံရသည့် ဖြစ်စဥ်များကိုလည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အပါအဝင် ပရဟိတအဖွဲ့များက ဆောင်ရွက်ပေးကြရသည်။
ရွှေပြည်သာမြို့နယ် ရွှေမေတ္တာပရိတအသင်းမှ တာဝန်ရှိသူ ဒေါ်လဲ့လဲ့ဝင်းက “ကျွန်မတို့အနေနဲ့ မြွေဝင်နေလို့ပါ။ ဖမ်းပေးပါ။ ဒီလိုအကူအညီမျိုး တောင်းလာရင် ဘာမြွေအမျိုးအစားလဲ အရင်ဆုံးသိအောင်ကြိုးစားပြီးမှ လိုအပ်တာတွေကို လျှင်လျှင်မြန် မြန်ပဲ ဆောင်ရွက်ပေးလိုက်တယ်။ အဲဒီလိုလုပ်နိုင်တော့ မြွေအသက်ရော လူ့အန္တရာယ်ကြုံနေတာရော နှစ်ခုစလုံး တစ်ပြိုင် နက်တည်း ဖြေရှင်းပြီးသားလည်း ဖြစ်တာပေါ့။ နောက်တစ်ခုက မြို့ပြလူနေထူထပ်လာတာနဲ့အမျှ သူတို့ရဲ့ စားကျက်မြေက ရှားပါးလာတာရော၊ မိတ်လိုက်ချိန်ဖြစ်တာရောကြောင့် မြွေတွေ မကြာခဏ ဒီလို အချိန်မျိုးဆို တွေ့လာရတာပါ။ အရင် ကတော့ ဒီလို လိုက်လံဆောင်ရွက်တဲ့ အဖွဲ့လည်း နည်းသေးတော့ သတ်တဲ့နည်းနဲ့ ဖြေရှင်းတာ များတာပေါ့။ နောက်တစ်ခုက မြွေကို သူနဲ့ မျိုးမတူတဲ့ မြွေနဲ့ သားစပ်ပေါက်တယ်ထင်တာမျိုးပေါ့။ အခု သွေးစပါးအုံးဆိုရင်လည်း မြွေပွေးနဲ့ စပါးအုံး သားစပ် ထားတာလို့ ထင်ကြတာ။ အမှန်က သဘာဝမှာ မျိုးတူအချင်းချင်းပဲ မိတ်လိုက်တာပါ။ စပ်မြွေ မရှိပါဘူး” ဟု ဆိုသည်။
Wild Life Of Myanmar အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သည့် ပရဟိတအဖွဲ့များက ကူညီဖမ်းဆီးရမိသည့်မြွေများကို မင်္ဂလာဒုံ မြို့နယ် စိတ္တသုခ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ခေတ္တခဏ စုစည်းထားကာ တတ်သိပညာရှင်များ အကူအညီဖြင့် ပဲခူးရိုးမထဲ ပြန်လည်လွှတ်ကြောင်း၊ ထိန်းသိမ်းလျှက်ရှိကြောင်းနှင့် ပြီးခဲ့သည့် စက်တင်ဘာလတွင် အကောင်ရေ ၇၀ ခန့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။