၆. ၁၂. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအငြင်းပွားမှုများနှင့်တိုက်ပွဲများက ဒေသခံစီးပွားရေး သမားများအတွက် ကြီးမားသောစိန်ခေါ်မှုများဖြစ်စေခဲ့ပြီး အထူးသဖြင့် အသေးစားလုပ်ငန်းရှင်များကို ငွေကြေးချေးငှားမှုများဖြစ်ရန် တွန်းပို့ခဲ့ကြောင်း MIMU (Myanmar Information Management Unit) အဖွဲ့က ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ GDP နှုန်းကျဆင်းခြင်း၊ ငွေကြေးဖောင်းပွ မှုနှုန်းမြင့်တက်ခြင်း၊ ငွေကြေးဈေးနှုန်းအတက်အကျများခြင်းများက နိုင်ငံတဝှမ်းရှိ စီးပွားရေးလုပ်ငန်းသမားများကို အခက်အခဲများ ပိုမိုဖြစ်စေခဲ့ကြောင်း MIMU အဖွဲ့ကဆိုသည်။ မြန်မာနိုင်ငံရှိအသေးစားလုပ်ငန်းများနှင့် အိမ်ထောင်စုများသည် ၎င်းတို့လုပ်ငန်းရှင်သန်ကြီးထွားရန်အတွက် လိုအပ်သော အရင်းအမြစ်များလက်ခံရရှိနိုင်ရန် လက်ရှိအချိန်တွင် ကြီးမားသောအခက်အခဲများဖြင့် ရင်ဆိုင်နေရသည်။ လက်နက်ကိုင်ပဋိပက္ခများဆက်လက်ဖြစ်ပွားနေခြင်း၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများရှိစေခဲ့ခြင်းသည် အိမ်ထောင်စုများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ခက်ခဲမှုများ ပိုမိုဖြစ်လာစေခဲ့ကြောင်း MIMU က ဆိုသည်။
မြန်မာနိုင်ငံတဝှမ်း ဖြစ်ပွားနေသည့် အဆိုပါအကြောင်းကိစ္စများသည် နည်းလမ်းအမျိုးမျိုးဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေရသူများနှင့် ငွေကြေးချေးငှားလုပ်ကိုင်နေရသူများအပေါ် သက်ရောက်မှုများ ထပ်မံဖြစ်ပေါ်စေခဲ့သည်။ အသေးစားစီးပွားရေးလုပ်ငန်းများ၊ ငွေကြေးချေးငှားနေရသူများနှင့် ရှင်သန်နေထိုင်မှုများနှင့်ပတ်သက်ပြီး အသေးစားလုပ်ငန်းတစ်ခုဖြစ်သော Vision Fund Myanmar အဖွဲ့က ကြီးကြပ်မှုဖြင့် ငွေကြေးချေးယူသူများ၊ လယ်သမားမဟုတ်သူများ၊ လယ်သမားများစသည့် လူပေါင်း ၂၃၇၂ဦးကို စစ်တမ်းကောက်ယူခဲ့သည်ဟု MIMU အဖွဲ့က ဖော်ပြထားသည်။
အဆိုပါစစ်တမ်းထဲတွင် လယ်သမားအများစုသည် လယ်သမား မဟုတ်သူများထက် အရင်းအမြစ်မျိုးစုံထံမှအတိုးဖြင့် ငွေကြေးချေးငှားခြင်းများ လုပ်ဆောင်နေရကြောင်း၊ လယ်သမားအားလုံး၏ ၄၃ ရာခိုင်နှုန်းသည် လယ်သမားမဟုတ်သူ ၂၉ ရာခိုင်နှုန်းထက် အတိုးဖြင့်ငွေကြေးချေးငှားရခြင်းများ လုပ်ဆောင်နေရကြောင်း သိရသည်။ လယ်သမားမဟုတ်သူများသည် လယ်သမားများထက် အလွတ်သဘော အကြွေးယူရန် အလားအလာ ပိုများပြီး လုပ်ငန်းလည်ပတ်ရန်နှင့် ရှင်သန်နေထိုင်ရန်အတွက် ငွေကြေးများချေးယူခဲ့သော်လည်း အကြွေးများကို ပြန်ဆပ်နိုင်ရန် ရုန်းကန်ရမှုများလည်းရှိနေကြောင်းသိရသည်။
Ref; MIMU