၆. ၁၂.၂၀၂၃
Written by Ye Kyaw
ဆီမရောင်းသည့် ဆိုင်များကို အရေးယူနေခြင်းနှင့် သီလဝါ Terminal များမှ ဆီတင်ကားများ ထွက်ခွာလာနိုင်ပြီဖြစ်၍ ယနေ့မနက်အထိ ပိတ်ထားသည့် စက်သုံးဆီအရောင်းဆိုင်များ ညနေပိုင်းတွင် အားလုံးပြန်ဖွင့်လာကြောင်း သိရသည်။
“ကျွန်တော်ဆို နေ့လည်က ဆီရောက်တယ်။ ရောင်းပေးလို့ ကုန်နေတယ်။ ဒါပေမဲ့ ဆိုင်ကို အရင်လို ဆိုင်းဘုတ်တွေနဲ့ မပိတ်တော့ဘူး ဖွင့်ပေးထားတယ်။ ညနေပိုင်းမှာ ဆီရောက်တဲ့ဆိုင်တွေက အခုဆက်ရောင်းပေးနေတယ်” ဟု တာမွေမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။
ဆီပြတ်တောက်နေ၍ ဒီဇင်ဘာ ၅ ရက် (ယမန်နေ့) ညနေပိုင်းမှစ၍ ပိတ်ထားသည့် စက်သုံးဆီအရောင်းဆိုင်များ ယနေ့ နံနက် ၈ နာရီခွဲအထိ ဆီဆိုင်အချို့ ဆက်လက်ပိတ်ထားပြီး ရောင်းပေးသည့် ဆီဆိုင်အနည်းငယ်မှသာ တန်းစီဝယ်ယူနေရသည့်အပြင် အမြန်လမ်း (၀) မိုင်အထိ သွားရောက်တန်းစီခဲ့ရခြင်းများလည်း ဖြစ်ပေါ်ခဲ့သည်။
ယနေ့ နေ့လည်ပိုင်းတွင် ဆီမရောင်းပေးသည့် ဆိုင်များကို ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည့်အပြင် သီလဝါ Terminal များမှ ဆီသယ်ယာဉ်များ နေ့လည်ပိုင်းတွင် ဆီဆိုင်များသို့ ပို့ဆောင်နိုင်ခဲ့ခြင်းတို့ကြောင့် ညနေပိုင်းတွင် ဆီဆိုင်များအားလုံး ပြန်လည်ဖွင့်လှစ် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၆ ရက် ယနေ့တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများသည် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၅၁၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၆၄၀ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၂၂၁၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၃၀၅ ကျပ် ဖြစ်ပေါ်လျက်ရှိသည်။