ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်သတ်မှတ်ရည်ညွှန်းဈေး တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဖြင့် လဲလှယ်ရန် ပြင်ဆင်သတ်မှတ်
၆. ၁၂. ၂၀၂၃
ပို့ကုန်လုပ်ငန်းရှင်များ၏ ကြိုးစားမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်းဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဖြင့် ရောင်းချရန် ယနေ့တွင် ခွင့်ပြုပေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။
“Export သမားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ ကြိုးစားမှု၊ သူတို့ရဲ့ လုပ်ဆောင်ပေးမှု ပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့အနေနဲ့ အကျိုးခံစားခွင့် ရရှိအောင်လုပ်ဆောင်တယ်ဆိုတာ ပြောကြားခဲ့တာရှိပါတယ်။ ဒီနေ့မှာလည်း ပို့ကုန်တင်ပို့သူများရဲ့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိတဲ့ ပို့ကုန်ရငွေရဲ့ ယခင်တုန်းကတော့ ကျွန်တော်တို့ ၃၅ ရာခိုင်နှုန်း ၆၅ ရာခိုင်နှုန်းပေါ့။ စစချင်းက။ ပြီးရင် ၅၀-၅၀ ရာခိုင်နှုန်း သတ်မှတ်တယ်။ ဒီနေ့မှာတော့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိတဲ့ ပို့ကုန်ရငွေ ပမာဏရဲ့ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ညွှန်ကြားထားတဲ့အတိုင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်ဝန်ကြီးချုပ်ပြောကြားခဲ့တဲ့အတိုင်း ထပ်မံပြီးတော့ ဖြေလျော့ပေးတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ရည်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသော ငွေလဲလှယ်နှုန်းပေါ် မူတည်၍ Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဒီဇင်ဘာ ၅ ရက်တွင် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့သည့် ပို့ကုန်တင်ပို့မှုမှ ရရှိသည့်နိုင်ငံခြားငွေ (ဒေါ်လာ) ပမာဏ၏ ၆၅ ရာခိုင်နှုန်းအား ပြင်ပပေါက်ဈေးအတိုင်း AD လိုင်စင်ရ ဘဏ်များတွင် တရားဝင် လဲလှယ်နိုင်မည်ဖြစ်သည်။