ပင်လယ်ဝတွင် ဆီတင်သင်္ဘော ၁၀ စီး၊ သီလဝါဆိပ်ကမ်းတွင် ဆီတင်သင်္ဘော ၃ စီး ရောက်ရှိနေ
၇. ၁၂. ၂၀၂၃
လက်ရှိတွင် ဒေါ်လာဝယ်ယူရေး အခက်အခဲကြောင့် စက်သုံးဆီကဏ္ဍအပေါ် သက်ရောက်မှုရှိခဲ့သော်လည်း မကြာမီအချိန်အတွင်း ပုံမှန်အတိုင်း လည်ပတ်နိုင်မည်ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
AD လိုင်စင်ရဘဏ်များ၏ နိုင်ငံခြားငွေရောင်းဝယ်ရာတွင် ဗဟိုဘဏ်က မသတ်မှတ်တော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုခဲ့ခြင်းနှင့် ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းအထိကို လွတ်လပ်စွာ ရောင်းချခွင့်ပြုပေးခဲသဖြင့် ပြင်ပဈေးကွက်တွင် ဒေါ်လာဝယ်ယူရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းသူများက ဆီတင်င်္ဘောများအား ငွေမချေနိုင်ခြင်းကြောင့် ဆီမချခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် ပြည်တွင်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန်နှင့် ပြည်ပသို့ ပို့ကုန် ပိုမိုတင်ပို့နိုင်စေရန် ရည်ရွယ်၍ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားမှုများကို ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ပြီး လက်တလောတွင် သွင်းကုန်လုပ်ငန်း (အဓိကစက်သုံးဆီတင်သွင်းသူ) များအပေါ် အကျိုးသက်ရောက်မှုရှိခဲ့သော်လည်း ဆီသင်္ဘောများ ရောက်ရှိနေပြီဖြစ်၍ မကြာမီ စက်သုံးဆီအခက်အခဲများ အဆင်ပြေလာမည်ဖြစ်သည်။
“ဒီလိုဆောင်ရွက်တဲ့ နေရာမှာ ဘယ်နေရာတွေမှာ သွားပြီးအကျိုးသက်ရောက်လဲဆိုတော့ Import ကိစ္စတွေမှာတော့ အကျိုးသက်ရောက်မှု အနည်းငယ်ရှိနိုင်ပါလိမ့်မယ်။ ခုနကပြောတဲ့ အထင်ရှားဆုံးကိစ္စကတော့ စက်သုံးဆီကဏ္ဍမှာ အကျိုးသက်ရောက်မှုရှိပါလိမ့်မယ်။ ဒီအကျိုးသက်ရောက်မှုဟာ ခဏတာပဲဖြစ်ပါလိမ့်မယ်။ စက်သုံးဆီနဲ့ ပတ်သက်ပြီးတော့ စက်သုံးဆီပမာဏ ဒါတင်သွင်းရမယ့် ကျွန်တော်တို့ လိုအပ်တဲ့ပမာဏ ကျွန်တော်တို့နိုင်ငံမှာ တင်သွင်းဖို့အတွက် အသင့်ရှိပါတယ်။ တင်သွင်းဖို့အတွက် ရောက်ရှိနေတဲ့ သင်္ဘောများလည်းရှိပြီးဖြစ်ပါတယ်။ သို့သော် ဒီမူဝါဒအပြောင်းအလဲကို ဆောင်ရွက်တဲ့အချိန်မှာတော့ Export ပို့တဲ့သူတွေကနေပြီးတော့ ပြန်ဝင်လာမယ့်ငွေတွေ၊ ပြည်ပထွက်တဲ့အလုပ်သမားတွေဆီက ပြန်ဝင်လာမယ်ငွေတွေ တရားမဝင် ဟွန်ဒီလုပ်ငန်းတွေက ဆောင်ရွက်တဲ့ငွေတွေသည် ခုနကပြောတဲ့ Incentive ရှိတဲ့အတွက်ကြောင့်မို အကျိုးခံစားခွင့်ရှိတဲ့အတွက်ကြောင့်မို့ ပိုမိုဝင်ရောက်လာမှာဖြစ်ပါတယ်။ ပိုမိုဝင်ရောက်လာတာနဲ့အမျှ ဈေးကွက်လည်း သူ့ဟာနဲ့သူ ထိန်းညှိပြီးဖြစ်မယ်လို့ သတင်းကောင်းပါးလိုပါတယ်။” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ရန်ကုန်တိုင်းအပါအဝင် နိုင်ငံတဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီတင်ယာဉ်များဖြင့် နေ့ညမရွေး အဆက်မပြတ်ဖြည့်တင်း သယ်ယူပို့ဆောင်ဖြန့်ဖြူးလျက်ရှိသည့်အပြင် လက်ရှိတွင်လည်း ဆီတင်သင်္ဘော ၁၀ စီးသည် ပင်လယ်ဝတွင်လည်းကောင်း၊ ဆီတင်သင်္ဘော ၃ စီးသည် သီလဝါဆိပ်ကမ်းဒေသရှိ Jetty များတွင်လည်းကောင်း အသင့်စောင့်ဆိုင်းလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
သီလဝါ Terminal မှ စက်သုံးဆီထုတ်ယူရန် အခက်အခဲကြောင့်ဆိုကာ ဒီဇင်ဘာ ၅ ရက်နေ့မှစတင်၍ စက်သုံးဆီအရောင်းဆိုင်များ ဆီမရောင်းပေးတော့ဘဲ ယင်းနေ့ ညနေပိုင်းတွင် ဆီဆိုင်များလုံးဝပိတ်ထားခဲ့ကြပြီး ဒီဇင်ဘာ ၆ ရက် နံနက်အထိပိုင်းအထိ ဆီဆိုင်အချို့ ရောင်းချပေးနိုင်ခြင်းမရှိခဲ့ဘဲ ညနေပိုင်းမှသာ ပြန်လည်ရောင်းချပေးနိုင်ခဲ့ခြင်းဖြစ်သည်။