October 19, 2024

၅.၁၂.၂၀၂၃

Written by KL

လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာ၊ လှည်းကူး-ဖောင်ကြီးကားလမ်းတွင် ယနေ့ ဒီဇင်ဘာ ၅ ရက် နံနက် ၇ နာရီ မိနစ် ၅၀ ခန့်က လမ်းဘေးတွင်ရပ်ထားသော ဖူဆိုယာဥ်နှင့် အရှိန်လျော့လိုက်သော တိုယိုတာဒိုင်နာယာဥ်တို့ကို အထည်ချုပ်ကြိုပို့ယာဥ်က နောက်မှ ဝင်တိုက်ရာမှ ယာဥ်သုံးစီးပျက်စီးပြီး ၂၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သွား ရောက်ကူညီခဲ့သူများထံမှ သိရသည်။

ထိုဖြစ်စဥ်တွင် အသက် ၄၁ နှစ်အရွယ် ဦးနေလင်းထိုက် မောင်းလာသော အထည်ချုပ်ကြိုပို့ယာဥ်ဝင်တိုက်မှုကြောင့် အရှိန်လျှော့လိုက်သော ဒိုင်နာယာဥ်ပေါ်မှ ယာဥ်မောင်း ကိုစည်သူအောင်(၂၃နှစ်)မှာ ဘယ်ဘက်ခြေသလုံးကျိုးခဲ့ပြီး အထည်ချုပ်ကြိုပို့ယာဥ်ပေါ်မှ အမျိုးသမီး၂၀ နှင့် အမျိုးသားတစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းအပြင် ယာဥ်မောင်း ဦးနေလင်းထိုက်မှာ ကားခေါင်းတွင်ညပ်နေသဖြင့် ကယ်ထုတ်ခဲ့ရသည်။

This image has an empty alt attribute; its file name is IMG_6460.jpeg

“ဇရပ်ကွင်းဘက်က အထည်ချုပ်စက်ရုံက အမျိုးသမီးတွေ ထိခိုက်ဒဏ်ရာရကြတာများတယ်။ အားလုံးက အသက်၂၀ ကျော်ဝန်းကျင်တွေပဲ။ ဒဏ်ရာတွေကတော့ စိုးရိမ်စရာမရှိပါဘူး”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။

အဆိုပါယာဥ်တိုက်မှုကို လှည်းကူးမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် ၈ ဦးက ရှာဖွေကယ်ဆယ်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ကရုဏာရှင်နာရေးကူညီမှုအသင်း၊​ မြို့မ​မေတ္တာပရဟိတအသင်း၊မွန်မြတ်စေတနာပရဟိတအသင်းတို့မှ လူနာတင်ယာဥ်များဖြင့် လှည်းကူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

ယာဥ်တိုက်မှုနှင့်ပတ်သက်၍ အထည်ချုပ်ကြိုပို့ယာဥ်မောင်း ဦးနေလင်းထိုက်ကို လှည်းကူးမြို့မရဲစခန်းက အရေးယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *